စစ်တပ် ၄ ခု ဝန်းရံနေတဲ့ ကဇွန်းမရဲစခန်းကို PDF တွေဝင်တိုက်၊ စစ်ကူအလုံးအရင်းနဲ့လာလို့ ပြန်ဆုတ်ပေးရ

စစ်တပ် ၄ ခု ဝန်းရံနေတဲ့ ကဇွန်းမရဲစခန်းကို PDF တွေဝင်တိုက်၊ စစ်ကူအလုံးအရင်းနဲ့လာလို့ ပြန်ဆုတ်ပေးရ

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမရွာနယ်မြေရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဒီဇင်ဘာလ ၄ ရက် မနက် ၆ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်သားနဲ့ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ ခန့်တပ်စွဲထားတဲ့ အဲ့ဒီရဲစခန်းတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုရှိပေခဲ့ပေမယ့် စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကူဝင်ရောက်လာလို့ စခန်းသိမ်းနိုင်ခြင်းမရှိဘဲ တပ်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“သိသလောက်က ရဲ ၂ ယောက်သေတယ်လို့ သိရတယ်။ စစ်တပ်ကထိခိုက်မှုတော့မသိရဘူး။ ကဇွန်းမမှာ ဝင်မထိုင်နိုင်ဘူး။ စစ်ကူအလုံးအရင်းနဲ့တက်လာလို့ ဆုတ်ပေးလိုက်ရတယ်လို့ သိရတယ်” လို့ မြေပြင် ရဲဘော်တွေနဲ့ နီးစပ်သူဆိပ်ဖြူဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲဖြစ်ပွားနေစဉ် ကဇွန်းမနဲ့ ၇ မိုင်ခန့်အကွာ ရှောက်ပင်အင်းရွာအခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၁) ကနေစစ်ကူတက်လာတဲ့ စစ်ကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားအများအပြားထိခိုက်သေဆုံးတယ်လို့ သူက ဆိုပါတယ်။

ဆိပ်ဖြူနယ်၊ ကဇွန်းမရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၁)၊ အမှတ် ၉ လေကြောင်းရန်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)၊အမှတ် ၂၀၃၆ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း(လကတ ၂၀၃၆) စတဲ့ တပ်ရင်း၊တပ်ဖွဲ့တွေ ဝန်းရံအခြေစိုက်ထားတာလည်း ဖြစ်ပါတယ်။

“ ကဇွန်းမလမ်းဆုံမှာ လစခ ၉ တပ်မနဲ့ လကတ ၂၀၃၆ ရှိတယ်။ ဒီဘက် ကပစ ၂၁ နဲ့က ၇ မိုင်လောက်ဘဲ ဝေးတယ်။ ရွှေဘိုးကျွန်း ကပစ ၂၂ ကနေဆိုလည်း စစ်ကူလာရင် ၄၅ မိနစ်လောက်ဆိုရောက်တယ်” လို့ ကဇွန်းမဒေသခံက ပြောပါတယ်။

ကဇွန်းမရဲစခန်းတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်လို့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လာတာမျိုး မရှိသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်က တင့်ကား ၁ စီးနဲ့ ကဇွန်းမရွာတဝိုက်ကို အင်အားတိုးမြှင့်ထားပြီး ကဇွန်းမလမ်းဆုံမှာလည်း ကင်းပုန်းဝပ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #ဆိပ်ဖြူ #ကဇွန်းမရဲစခန်း #တိုက်ပွဲပြင်းထန် #PDF #ဒေသကာကွယ်ရေးတပ်ဖွဲ့ #တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10