စစ်တောင်းမြစ်ကူးတံတားစောင့် လုံခြုံရေးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

စစ်တောင်းမြစ်ကူးတံတားစောင့် လုံခြုံရေးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိဟုဆို

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မြို့ဆိုးကျေးရွာနဲ့ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲကျေးရွာအစပ် စစ်တောင်းမြစ်ကူးတံတားစောင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

ဩဂုတ် ၃၁ ရက် မနက် ၄ နာရီကျော်ခန့်မှာ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပျူစောထီးတွေပါဝင်တဲ့ အင်အား ၅၀ ခန့်ရှိတဲ့ တံတားလုံခြုံရေးတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

"အရင်ဆုံး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်တယ်။ နောက်မှ ဒရုန်းဗုံးချတာ” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

အဲ့ဒီတိုက်ခိုက်မှုဟာ ၂ နာရီနီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးပြီး ဒရုန်းနဲ့ ဗုံးကြဲချချိန်မှာ စစ်ကောင်စီတပ်သား ၃ ဦးထပ်မံသေဆုံးသွားတယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ပြီးပြန်လာတဲ့အချိန်မှာ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ KNLA တပ်မဟာ ၃၊ ရိုးမစစ်ကြောင်း ၂၊ အထူးကွန်မန်ဒိုတပ်ရင်းအပါအဝင် ပူးပေါင်း မဟာမိတ်တပ်တွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ ဘယ်အဖွဲ့က ပစ်မှန်းမသိတဲ့ လက်နက်ကြီးကျည်ထိမှန်တာကြောင့် မြို့ဆိုးရွာက ဒေသခံလင်မယား ၂ ဦး သေဆုံးသွားပါသေးတယ်။

မေ ၁၀ ရက်ကလည်း မနက် ၁၀ နာရီ လောက်ကနေ ညနေပိုင်းအထိ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီးမှာ ထန်းတပင်မြို့နယ်အခြေစိုက် ခလရ ၇၃ နဲ့ KNU၊ PDF ပူးပေါင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က အရာရှိအပါ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီဘက်က ညောင်ပင်သာရွာထဲကို စစ်ကြောင်းထိုးဝင်လာပြီး ကလေးငယ် ၅ ဦးအပါအဝင် ပြည်သူ ၁၉ ဦးကိုဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့ခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #ထန်းတပင်မြို့နယ် #မြို့ဆိုးကျေးရွာ #အုတ်တွင်း #ကျွဲပွဲကျေးရွာ #စစ်တောင်းမြစ် #တံတားစောင့် #လုံခြုံရေး #တိုက်ခိုက်ခံရ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10