စစ်တောင်းမြစ်ထဲ စည်းကမ်းမဲ့ငါးဖမ်းသူ များလာလို့ ငါးလုပ်ငန်းရှင်တွေ အခက်ကြုံ

စစ်တောင်းမြစ်ထဲ စည်းကမ်းမဲ့ငါးဖမ်းသူ များလာလို့ ငါးလုပ်ငန်းရှင်တွေ အခက်ကြုံ

ပဲခူးတိုင်း၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် စစ်တောင်းမြစ်အတွင်း တရားမဝင် စည်းကမ်းမဲ့ငါးဖမ်းမှုတွေ များပြားလာလို့ ဒေသတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေ ငါးအရ နည်းပြီး အခက်တွေ့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဝေါနဲ့ ကဝနယ်ထဲက စစ်တောင်းမြစ်အတွင်းမှာ စည်းကမ်းမဲ့ ငါးဖမ်းသူတွေဟာ ငါးအသေးတွေကိုပါ ဖမ်းဆီးနေလို့ ငါးကြီးထွားမှု နည်းလာသလို၊ ငါးမျိုးစိတ်အချို့ မရှိသလောက် နည်းပါးလာတယ်လို့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။


"ငါးက ရှားသွားပြီ။ မျှောပိုက်တွေ၊ ဝိုင်းပိုက်သမားတွေက ငါးမရတော့ဘူး။ လှေသမားတောင် ငါးကောင်း မစားရဘူး ဖြစ်နေတယ်။ သတ်မှတ်ထားတဲ့အတိုင်း တလက်မနဲ့အထက် ပိုက်တွေနဲ့မဖမ်းဘဲ အသေးတွေပါ အကုန်သိမ်းကြုံးဖမ်းနေတော့ ငါးအကြီးတွေလည်း သိပ်မရတော့သလို ငါးမျိုးစိတ်တချို့လည်း မရှိသလောက် ဖြစ်လာတယ်” လို့ သူက ပြောပါတယ်။

ဝေါနဲ့ ကဝမြို့နယ်အတွင်းမှာ တရားမဝင် စည်းကမ်းမဲ့ ငါးဖမ်းနေတဲ့ လှေအရေအတွက်ဟာ ၃၀ ကျော်အထိ ရှိနေပြီး တလက်မအောက် ပိုက်စိပ်တွေနဲ့ငါးအသေးတွေကို ဖမ်းယူနေလို့ ဒေသတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေ ငါးရရှိမှု နည်းပါးလားကာ လုပ်ငန်းတွေ အရှုံးပေါ်လာရတယ်လို့ သူကဆိုပါတယ်။

“သံဇကာပိုက်သမားတွေက စည်းမဲ့ကမ်းမဲ့နဲ့ ငါးအသေးကအစ ဖမ်းသွားတော့ ကျမတို့ အခွန်ဆောင်မှတ်ပုံတင်ပြီး ငါးကြီးဖမ်းသူတွေက ငါးမရတော့ဘူး။ ကျမတို့က နှစ်ကျပ်ကွက် ပိုက်နဲ့ဖမ်းတာကိုး။ သူတို့ကငါးပိအတွက် ပိုက်စိတ်နဲ့ငါးအသေးတွေကိုပါ ဖမ်းတော့ ငါးအကြီးက မရှိတော့ဘူး။ ဘယ်လိုမှ တွက်ခြေမကိုက်တော့ဘူး" လို့ သူက ဆက်ပြောပါတယ်။

တရားမဝင် စည်းကမ်းမဲ့ ဖမ်းဆီးနေတဲ့ငါးဖမ်းလှေတွေဟာ ငါးပိထုတ်လုပ်နိုင်ဖို့ ငါးအသေးတွေကို အဓိကထား ဖမ်းဆီးနေကာ လစဥ်ငါးပိ ပိသာချိန် ၆၀၀၀၀ ကျော်လောက်အထိ ထုတ်ယူဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

စည်းကမ်းမဲ့ငါးဖမ်းဆီးမှုတွေ များပြားလာတာကြောင့် ငါးအရနည်းလာလို့ ဒေသတွင်းငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေဟာ စီပွားရေးအဆင်မပြေဖြစ်လာကာ လုပ်ငန်းရပ်နားသူတွေ ရှိလာသလို ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်သားအနေနဲ့ လုပ်ကိုင်သူတွေ များလာတယ်လို့ ဆိုပါတယ်။

စည်းကမ်းမဲ့ ငါးဖမ်းမှုတွေကြောင့် ယခင်က စစ်တောင်းမြစ်အတွင်း ပေါပေါများများ ရရှိခဲ့တဲ့ ငါးသလောက်၊ ငါးပုတ်သင်၊ ကက်ကူရံ၊ ငါးမွှေး စတဲ့ငါးမျိုးစိတ်တွေဟာ ဖမ်းဆီးရမိတာ မရှိသလောက် နည်းလာတယ်လို့ သိရပါတယ်။

စစ်တောင်းမြစ်အတွင်း အဲ့ဒီလို တရားမဝင်စည်းကမ်းမဲ့ ငါးဖမ်းနေသူတွေကို ကဝမြို့နယ် စစ်ကောင်စီက ငွေကြေးရယူခွင့်ပြုထားပြီး လက်ရှိအချိန်ထိ တစုံတရာ အရေးယူ ဆောင်ရွက်တာမျိုး မရှိဘူးလို့ ဝေါမြို့ နယ်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုပါတယ်။

ပုံစာ - စစ်တောင်းမြစ်အတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေတဲ့ လှေတချို့။

စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10