စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်နေလို့ ပဲခူးနဲ့တောင်ငူမှာ ရေကြီးမှုအန္တရာယ်သတိပြုဖို့လိုအပ်နေ

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်နေလို့ ပဲခူးနဲ့တောင်ငူမှာ ရေကြီးမှုအန္တရာယ်သတိပြုဖို့လိုအပ်နေ

စစ်တောင်းမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်နေတာကြောင့် ပဲခူးမြို့နယ်နဲ့ တောင်ငူမြို့နယ်က မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ ရေကြီးမှုအန္တရာယ်သတိပြုသင့်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၁၁ ရက် ဒီကနေ့နေ့လယ် ၃ နာရီမှာ ထုတ်ပြန်လာပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လယ် ၂ နာရီခွဲအချိန် တိုင်းတာချက်အရ စစ်တောင်းမြစ်ရေက  တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်အထက် ၁ လက်မခန့်၊ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ညောင်လေးပင် မြို့နယ်၊ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်အထက် ၂ ပေခွဲခန့်ကျော်လွန်နေပြီး နောက် ၆ နာရီအတွင်း ပဲခူး၊ ရွှေကျင် စတဲ့မြို့နယ်တွေမှာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ 

စူပါတိုင်ဖွန်းမုန်တိုင်း ယာဂီရဲ့ အကြွင်းကျန်တွေနဲ့ ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းငယ်ကြောင့် မြန်မာနိုင်ငံကဒေသတချို့မှာ ရေကြီးမှုတွေဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသပညာရှင်တွေက သတိပေး ထားပါတယ်။

မကွေးတိုင်း၊ ဧရာဝတီမြစ် အနောက်ဖက်ကမ်းမှာ နေထိုင်သူတွေအနေနဲ့ တောင်ကျရေတွေကြောင့် ရေကြီးမှုအန္တရာယ် သတိထားဖို့လိုအပ်ပြီး ပခုက္ကူ၊ မြစ်ခြေ၊ ရေနံမ၊ လမ်းရွာ၊ ဆိပ်ဖြူ၊ ဆင်ဖြူကျွန်း၊ စလင်း၊ ကုန်းဇောင်း၊ ပွင့်ဖြူ၊ လယ်ကိုင်း၊ စကု၊ အိုင်းမ၊ မင်းဘူး၊ ပဒါန်း၊ ငဖဲ၊ စေတုတ္တရာ၊ လောင်းရှည်၊ ဆော စတဲ့ မြို့နယ်တွေမှာ မိုးကြီးရေလျှံနိုင်တယ်လို့ မိုးလေဝသလေ့လာသူ မစုစုစံက သတိပေးထားပါတယ်။

မိုးလေဝသလေ့လာသူတဦးဖြစ်တဲ့ ဦးဝင်းနိုင်ကလည်း စစ်တောင်းမြစ်ရေက စက်တင်ဘာ ၁၃ ရက်နေ့မှာ  တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ဖို့ရှိနေတာကြောင့် သတိထားကြဖို့ လိုအပ်ကြောင်း ရေးသား ထားပါတယ်။

ဒါ့အပြင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်း၊ ဇေယျာသီရိနဲ့ ပုဗ္ဗသီရိမြို့နယ်တွေမှာ စက်တင်ဘာ ၁၁ ဒီကနေ့ မနက်ကစလို့ ရေကြီးမှုတွေဖြစ်ပွားနေပြီး ကျေးရွာ ၃၀ ခန့် ရေဘေးကြုံနေရကာ ပိတ်မိ ပြည်သူတွေရှိသလို လူသေဆုံးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စူပါတိုင်ဖွန်းမုန်တိုင်းယာဂီ #ရေကြီးရေလျှံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10