စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမယ်

စစ်တောင်းမြစ်ဝှမ်းတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွားမယ်

ပဲခူးတိုင်းဒေသကြီးအတွင်း စစ်တောင်းမြစ်ဝှမ်းဒေသတခုလုံးကို စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်သွား မယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

လာမယ့်ရက်ပိုင်းအတွင်းကစတင်ပြီး စစ်တောင်းမြစ်အရှေ့၊ အနောက်ဒေသအားလုံးရှိ မြို့နယ်တွေကို စစ်ဆင်ရေးတိုးမြှင့် လုပ်ဆောင်မှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်သားတွေနဲ့ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ဖို့ ဆောင်ရွက်နေသူတွေအားလုံးကို ပြည်သူ့ဘက်ကို ရပ်တည်ပူးပေါင်းကြဖို့လိုတယ်လို့ ဆိုပါတယ်။

"စစ်ဆင်ရေးမြှင့်မယ်ဆိုတာ ပြည်သူတွေသိအောင် တရားဝင်အသိပေးထုတ်ပြန်တာဖြစ်တယ်။ စစ်ဆင်ရေးမြှင့်မယ်ဆိုတဲ့ နေရာမှာလည်း ပြည်သူတွေထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်မှာပါ။ ပြည်သူတွေအနေနဲ့က လိုအပ်တာပြင်ဆင်လို့ရအောင်ပါ"လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

စစ်တောင်းမြစ်ဝှမ်းတခုလုံးဆိုတဲ့နေရာမှာ ကျောက်ကြီး၊ ညောင်လေးပင်၊ ဝေါ၊ ရွှေကျင်၊ မုန်း အပါအဝင် စစ်တောင်းမြစ်နဲ့ထိစပ်နေတဲ့ နေရာအားလုံး အကျုံးဝင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကစတင်ပြီး ဆယ်လမွန်ပူးပေါင်းစစ်ဆင်ရေးအရ မုန်းမြို့ပေါ်ရှိ စစ်တပ်၏ ခမရ ၅၉၀ တပ်ရင်းဌာနချုပ်၊ ခမရ ၅၉၉ တပ်ရင်းဌာနချုပ်နဲ့ မုန်းမြို့ရဲစခန်း၊ မုန်းသာစည်တံတားကင်း၊ ကော့ပြင်းတပ်စခန်းတို့ကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ ဒေသခွဲ၊ KNLA၊ PDF၊ BPLA ပူးပေါင်း မဟာမိတ်တပ်တွေက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပါတယ်။ 

ခမရ ၅၉၀ တပ်ရင်းဌာနချုပ်၊ မုန်းမြို့ရဲစခန်းနဲ့ ကော့ပြင်းတပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ခမရ ၅၉၉ တပ်ရင်းဌာနချုပ်နဲ့ မုန်းသာစည်တံတားကင်း တို့ကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်လို့ ရဲဘော်တင်ဦးက ဆိုပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် စစ်ဆင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး စစ်ရေးရည်မှန်းချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်မှ ၁၀၀ ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာ ရရှိခဲ့သလို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းတွေကိုလည်း ကာကွယ်ရေးတပ်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးအဆင့်ရှိ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၂ ဦးအပါအဝင် အရာခံအကြပ်စစ်သည် ၂၁ ဦး လက်နက်ချအညံ့ခံခဲ့ပြီး တပ်မိသားစုဝင် ၅၈ ဦးကိုလည်း ကျင့်ဝတ်များနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး။ #စစ်တောင်းမြစ်ဝှမ်းဒေသ #စစ်ရေးအရှိန်တိုးမြှင့် #စစ်ကောင်စီ #KNLA #တောင်ပိုင်းစစ်ဒေသအမှတ်၂စစ်ဒေသခွဲ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10