စစ်ကောင်စီကန့်သတ်ထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ဆယ်နေရာချထားပေး

စစ်ကောင်စီကန့်သတ်ထားတဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ရေဘေးသင့်ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ဆယ်နေရာချထားပေး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှ့ဘက်ခြမ်းကျေးရွာတွေက ရေဘေးသင့်ခဲ့ရတဲ့ ပြည်သူတွေကို တော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ကယ်ဆယ်ရေး၊ ကူညီရေးနဲ့ နေရာချထားရေးတွေ ပြုလုပ်ပေးနေတယ်လို့ ကီးကူစစ်ကြောင်းဆီက သိရပါတယ်။

ကူညီကယ်ဆယ်ပေးနေရာမှာ ကီးကူစစ်ကြောင်း၊ ပုဝါနီစစ်ကြောင်း၊ ၃၅၀၁ တပ်ခွဲ ၄၊ နေပြည်တော်တပ်ရင်း ၉၀၁၊ ၉၀၂၊ တပ်ရင်း ၈၀၄ တို့က ရဲဘော်တွေ ပူးပေါင်းကူညီပေးနေကြတာဖြစ်ပြီး စစ်တောင်းမြစ်ဒေသကို စစ်ကောင်စီတပ်တွေက တားဆီးကန့်သတ် ပိတ်ပင်ထားသလို စစ်ဆိုင်ထားတဲ့ဒေသတွေလည်းပါတယ်လို့ သိရပါတယ်။

"စစ်ဆိုင်ထားတော့ စစ်ကောင်စီက ကန့်သတ်ထားတဲ့ နေရာတွေပါပါတယ်။ ပစ္စည်းသယ်တာ ဝင်လာတာကို သူတို့ကန့်သတ်တယ်။ ပြန်လည်နေရာချထားတာကိုတော့ သူတို့ ဝင်လာနိုင်တာမရှိဘူး။ ကျနော်တို့ စိုးမိုးထားတဲ့နယ်မြေဆိုတော့လေ" လို့ PDF တပ်ရင်း ၃၅၀၂ တပ်ခွဲ ၁ ခွဲမှူး ကီးကူစစ်ကြောင်းတာဝန်ခံ ကိုတမာ က ပြောပါတယ်။

ရေဘေးသင့်ခဲ့ရတဲ့ ရွာ ၂၅ ရွာခန့်က စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ ခန့်ကို ကူညီကယ်ဆယ်ပေးနေတာ ဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေ သယ်တာနဲ့ ဝင်ရောက်တာတွေကို စစ်ကောင်စီက ကန့်သတ်တားဆီးနေတာပါ။

"စစ်ကောင်စီကတော့ ရေဘေးသင့်ပစ္စည်းတွေ လှူဖို့လာရင် ပေးမသယ်တာရှိတယ်။ ဖမ်းထားတာတွေရှိတယ်။" လို့ ကိုတမာ ကပြောပါတယ်။

လက်ရှိမှာတော့ ရေဘေးသင့်ပြည်သူတွေမှာ သောက်ရေသန့်ရရှိဖို့ လိုအပ်နေပြီး ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၄ ဦးခန့်ရှိလာပြီလို့ ဆိုပါတယ်။

"ရေဘေးသင့်ပြည်သူတွေက ရေဘေးကြောင့်ဖြစ်လာတဲ့ ရောဂါတွေတော့ မစသေးဘူး။ ဝမ်းပျက်ဝမ်းလျှော သုံးလေးယောက်တော့ စပြီ။ ဆေးကုတာတော့ တော်လှန်ရေးအင်အားစုတွေ စုထားတဲ့ ဆေးနဲ့ကုနေတယ်။ ရေကို ကျိုချက်သောက်ဖို့ပြောတယ်။ လိုတာကတော့ ရေသန့်ဗူးလိုတယ်။ တချို့ရွာတွေက မီးဖိုလို့မရတာ တချို့ရွာတွေက ပြန်လို့မရသေးတော့ ရေသန့်လိုတယ်။" ကိုတမာ က ဆက်ပြောပါတယ်။

ကူညီကယ်ဆယ်ရေးအတွက် ပြည်သူလူထုက လှူဒါန်းငွေလက်ခံရရှိတာရှိပြီး စစ်ကြောင်းထဲက ငွေနဲ့ တဆင့် အသုံးပြုနေရတာဖြစ်ပြီး စာရင်းဇယားနဲ့ ထားရှိတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသမှာ ရေဘေးကယ်ညီကယ်ဆယ်ဖို့လုပ်ရင်း ရဲဘော်တယောက်လည်း အသက်ဆုံးရှုံးခဲ့ပါသေးတယ်။ 

လက်ရှိမှာတော့ ဒေသခံအများစုဟာ နေရပ်တွေကို ပြန်နိုင်တာမရှိသေးဘဲ ဒေသတွင်း စစ်ကောင်စီ တပ်တွေရဲ့ စစ်ကြောင်းထိုးမှုနဲ့ စစ်ဆေးမှုတွေကိုလည်း ကြောက်နေရတဲ့အတွက် စစ်ဘေးနဲ့ ရေဘေးကို တပြိုင်တည်းခံစားနေကြရတာလည်း ဖြစ်ပါတယ်။ 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #ရေဘေးကယ်ဆယ် #တော်လှန်ရေးအင်အားစု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10