စစ်တွေမြို့ ရွှေဆိုင်တဆိုင်မှ သိန်း ၄၀ တန်ဖိုးရှိရွှေထည်များကို အမျိုးသားတဦးက လုယူထွက်ပြေး

စစ်တွေမြို့ ရွှေဆိုင်တဆိုင်မှ သိန်း ၄၀ တန်ဖိုးရှိရွှေထည်များကို အမျိုးသားတဦးက လုယူထွက်ပြေး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက် ရှိ စိန်ရွှေရီရွှေဆိုင်မှ တကွင်းလျှင် ၁ ကျပ်သားရှိသည့် ရွှေလက် ကောက် ၂ ကွင်းကို အမျိုးသားတဦးက ယနေ့ဇူလိုင် ၁၃ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်ခန့်တွင်  လုယူထွက်ပြေးသွားသည်ဟု သိရသည်။

လုယူထွက်ပြေးသွားသူမှာ အသက် ၃၀ ကျော်အရွယ်ရှိသူတစ်ဦးဖြစ်ပြီး ၎င်းလုယူသွားသည့် လက်ကောက် ၂ ကွင်းမှာ ကာလတန်ဖိုးအားဖြင့် သိန်း ၄၀ နီးပါးရှိသည်ဟု  ရွှေဆိုင်ပိုင်ရှင် ဒေါ်ချမ်းမကပြောသည်။

"သူဆိုင်ထဲကိုဝင်လာတဲ့အခါ အိတ်အမဲတလုံးကိုင်လို့ဝင်လာတယ်။ အိတ်ထဲမှာ မီးပြင်တဲ့ကိရိယာတခုပါတယ်။ ပြီးတော့ ငွေထုတ်ဖို့ပုံစံ လုပ်ပြီးတော့ စာရေးမဆီကလက်ကောက်ကြည့်ဖို့ တောင်းတယ်။စာရေးမကလည်း တစ်ကွင်းထုတ်ပြတယ်။သူကနောက်ထပ်ဒီလိုပုံစံတစ်ကွင်း မရှိဘူးလားမေးတော့။စာရေးမကထုတ်ပြလိုက်တယ်။အဲဒီနှစ်ကွင်းကို ကိုင်ပြီးတော့ထွက်ပြေးသွားတယ်။ ကျွန်မတို့လိုက်တော့ မမီလိုက်ဘူး" ဟုဆိုသည်။

လက်ရှိတွင် လုယူထွက်ပြေးသွားသူကို မဖမ်းမိလိုက်သဖြင့် စစ်တွေမြို့ အမှတ်၁ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သိရသည်။

လက်ကောက်လုယူထွက်ပြေးသွားသူအမျိုးသားမှာ Mask တပ်ထားပြီး ဂျင်းဘောင်းဘီအပြာ၊ အဖြူရောင်စပို့ရှပ်အကျ်ီလက်ရှည်နှင့်လက်တွင် ပလတ်စတစ်အိတ်အမည်းတစ်လုံးကို ကိုင်ထားသည်ကို ဆိုင်၏ CCTV မှတ်တမ်းတွင်တွေ့ရသည်။

ပြီးခဲ့သည့် ဇူလှိုင်လ ၇ ရက်နေ့တွင်လည်း မြောက်ဦးမြို့၊ တောင်ရပ်ရပ်ကွက်ရှိ "ဦးသာကျော်ဖြူရွှေပန်းထိမ်ဆိုင်" မှ ရွှေဆွဲကြိုး ၂ ပင်ကို အမျိုးသားတဦးက လုယူထွက်ပြေးမှုဖြစ်ပွားခဲ့သည်။

ယင်းအချိန်၌ ၎င်းအမျိုးသားကို ရပ်ကွက်သားများက ဝိုင်းဝန်ဖမ်းဆီးနိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော် (AA)မှ တာဝန်ရှိသူများကို လွဲပြောင်းပေးခဲ့သည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10