စစ်ပင်တံတား လာပြင်တဲ့အဖွဲ့ မိုင်းထိလို့ ၃ ဦးဒဏ်ရာရ

စစ်ပင်တံတား လာပြင်တဲ့အဖွဲ့ မိုင်းထိလို့ ၃ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ နောင်ကုန်းကျေးရွာအနီး ကျောက်ကြီး-နတ်သံကွင်းကားလမ်းရှိ စစ်ပင်တံတား လာပြင်တဲ့အဖွဲ့ မိုင်းထိတာကြောင့် ၃ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
 
ဇွန်လ ၂ ရက်မနက် ၉ နာရီခန့်မှာ စစ်ကောင်စီတပ်က လုံခြုံရေးယူပေးပြီး တံတားလာပြင်တဲ့အဖွဲ့ လုပ်ငန်းလုပ်နေချိန် တံတားအနီးထောင်ထားတဲ့ မိုင်းထိပြီး အလုပ်သမား ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
 
"အဲဒီတံတားက အရင်ဆုံးတခါ မိုင်းကွဲပြီးကတည်းက လာထပ်ပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ချခံရသေးတယ်။ အဲ့ကတည်းက တံတားပြင်တာ နားထားပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြန်ပြင်နေတာ။ ခုတခါ မိုင်းထပ်ကွဲတယ်"လို့ သူက ပြောပြပါတယ်။
 
အဆိုပါ စစ်ပင်တံတားဟာ အခုနှစ် ဇန်နဝါရီလ ၉ ရက်က မိုင်းထောင်ဖောက်ခွဲခံရလို့ ပျက်စီးသွားတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ လမ်းတံတားဦးစီးဌာနကနေ ပျက်စီးသွားတဲ့နောက်ပိုင်း ပြင်ဆင်ဖို့ ကြိုးစားရာက အခုလို မိုင်းထိသွားတာဖြစ်ပါတယ်။
 
မိုင်းပေါက်ကွဲမှုဖြစ်လို့ တံတားပြင် အလုပ်သမားတွေဖြစ်တဲ့ စောရွှေဘ ၄၂ နှစ်၊ စောဂေါ်ရေး ၂၀ နှစ်ခန့်၊ နေရဲစိုး ၂၅ နှစ်တို့ဟာ ထိခိုက်ဒဏ်ရာရသွားလို့ ကျောက်ကြီးဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။
 
အဲဒီမိုင်းကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်ထောင်ထားတယ်ဆိုတာ မသိရသေးပါဘူး။
 
ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ စစ်ပင်တံတားအနီးမှာ တံတားပြင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို လက်နက်ကိုင်အဖွဲ့တခုက ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာကြောင့် သုံးဘီးနဲ့လာတဲ့ ဒေသခံတွေ ထိခိုက်ခဲ့ရာ ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့ပါသေးတယ်။
 
ပုံစာ - ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်က မိုင်းထောင်ဖောက်ခွဲခံရလို့ ပျက်စီးသွားသည့် စင်ပင်တံတာကို ပြန်လည်ပြုပြင်နေစဥ်။ (ပုံဟောင်း)
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10