သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မြန်မာနိုင်ငံမှာ ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာဟာ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် (UNESCO)စာရင်းဝင်ခဲ့ပါတယ်။ ပုဂံဒေသဟာလည်း ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထပ်မံသတ်မှတ်ခဲ့ပါတယ်။
အလားတူ ရခိုင်ပြည်မှာ အေဒီ ၁၅ ရာစုက ရခိုင်ဘုရင် မင်းစောမွန် တည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၆၀၀ နီးပါး သက်တမ်းရှိ ရှေးဟောင်းမြောက်ဦးမြို့ကိုလည်း ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ဖို့ ၂၀၁၇ မှာ စတင် ကြိုးစားခဲ့ကြပါတယ်။
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် အဆိုပြုလွှာမူကြမ်းကို ၂၀၁၉ မှာ ကမ္ဘာ့အမွေအနှစ်ဗဟိုဌာန (UNESCO World Heritage Center) ကို တင်သွင်းခဲ့ပြီး အပြီးသတ်မူကိုတော့ ၂၀၂၁ မှာ တင်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်အတွင်းဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် အခုအချိန်ထိတော့ ရှေးဟောင်းမြောက်ဦးမြို့ဟာ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခြင်း မခံရသေးပါဘူး။
အဲဒီရှေးဟောင်း မြောက်ဦးမြို့မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မြောက်ဦးမြို့ကို AA က သိမ်းပိုက်ထားပါတယ်။ နှစ်ဘက်တိုက်ပွဲတွေကြား မြောက်ဦးမြို့က ရှေးဟောင်းစေတီပုထိုးတွေ ဘာတွေပျက်စီးခဲ့သလဲ၊ စောင့်ရှောက်မှုကင်းမဲ့နေတဲ့ ရှေးဟောင်းအမွေအနှစ်တွေ ဘာတွေဖြစ်နေသလဲ၊ ရှေးဟောင်းမြောက်ဦးမြို့ ယူနက်စကို စာရင်းဝင်နိုင်ဖို့ ဘာတွေက ခြိမ်းခြောက်မှုဖြစ်နေသလဲဆိုတာ မြေလတ်အသံက သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါတယ်။
မြောက်ဦးမြို့သိမ်းတိုက်ပွဲ
ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉)လက်အောက်ခံ ခမရ ၅၄၀၊ ၃၇၇၊ ၃၇၈ တပ်ရင်း ၃ ရင်းအပြင် ရဲတပ်ရင်း ၃၁ တို့ အခြေပြုတဲ့ မြောက်ဦးမြို့ကို အာရက္ခတပ်တော်(AA)က ၂၀၂၄ ဇန်နဝါရီလမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်။
စစ်ကောင်စီတပ်ရင်း ၃ ခုထဲက ခမရ ၅၄၀ တပ်ရင်းတရင်းလုံးကို ဇန်နဝါရီ ၃၀ ရက်မှာ အာရက္ခတပ်တော် (AA)က ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီတပ်ရင်းဟာ မြောက်ဦးမြို့ရဲ့ အရှေ့တောင်ဘက်၊ ရန်ကုန်-စစ်တွေကားလမ်းမဘေး၊ မြောက်ဦးမြို့အဝင်မှာ တည်ရှိတာပါ။
အဲဒီ ခမရ ၅၄၀ မှ စစ်ကောင်စီတပ်သားတွေနဲ့ တပ်မိသားစု ၃၀၀ ကျော် လက်နက်ချ အညံ့ခံခဲ့ပါတယ်။
ကျန်တဲ့ ခမရ ၃၇၇၊ ၃၇၈ တပ်ရင်းနဲ့ ရဲတပ်ရင်း ၃၁ တို့ကိုလည်း ဖေဖော်ဝါရီမှာ သိမ်းပိုက်နိုင်ခဲ့တာကြောင့် ၂၀၂၄ နှစ်ဆန်းကတည်းက မြောက်ဦးတမြို့လုံးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာပါ။
မြောက်ဦးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နေအိမ်တွေကို မီးရှို့တာ၊ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ကုန်သည်တန်း၊ ပန်းဖဲတန်း၊ ဘောင်းဒွတ်၊ အောင်မင်္ဂလာ၊ မြို့သစ်၊ ဝါစျေး၊ ရွှေတောင်၊ ဝသဲစတဲ့ ရပ်ကွက်တို့က လူနေအိမ် ၂၂၀ ကျော် ပြိုကျပျက်စီးခဲ့ရတယ်။
“တိုက်ပွဲမှာ (စစ်ကောင်စီက) ဂျက်နဲ့ မီးလောင်ဗုံးကြဲချခဲ့တယ်။” လို့ အာရက္ခတပ်တော်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်စွဲခဲ့တဲ့ ရွှေတောင်စေတီနဲ့ သင်္ကျစ်တော်စေတီ
ရှေ့ဟောင်းသမိုင်းဝင် ဘုရားစေတီတွေတည်ရှိရာ တောင်ကုန်းတွေထဲက သင်္ကျစ်တော်ဘုရားစေတီနဲ့ ရွှေတောင်ဘုရားစေတီတည်ရှိရာ တောင်ကုန်း ၂ ခုမှာ စစ်ကောင်စီတပ်သားတွေက ကတုတ်ကျင်း၊ ဘန်ကာ အမျိုးမျိုးတွေပြုလုပ်ပြီး တပ်စွဲနေထိုင်ခဲ့ကြတယ်။
သမိုင်းဝင်ရွှေတောင်စေတီတော်တည်ရှိရာ တောင်ကုန်းဟာ ခမရ ၅၄၀ တပ်ရင်းနဲ့ ကပ်လျက်တည်ရှိတာကြောင့် အဲဒီတပ်ရင်းမှ စစ်ကောင်စီတပ်သားတွေက ဘုရားကုန်းပေါ်မှာ စခန်းတွေ အခိုင်အမာတည်ဆောက်ကာ ၂၀၁၉ ကနေ ၂၀၂၄ ဖေဖော်ဝါရီ အထိ ၅ နှစ်ကြာ တပ်စွဲနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။
“မြောက်ဦးမြို့ပေါ်မှာမဟုတ်ဘဲ နယ်ဘက်တွေမှာ တိုက်ပွဲစဖြစ်ကတည်းက နေတာပါ။ ဘုရားသိမ်ထဲမှာလည်း နေကြပါတယ်။ တောင်ကုန်းတခုလုံးကို မိုင်းတွေ အထပ်ထပ်ထောင်ထားခဲ့ပါတယ်။” လို့ ခမရ ၅၄၀ တပ်ရင်းမှာ စစ်ကောင်စီတပ်သားအဖြစ် ၈ နှစ်တာနေခဲ့ဖူးတဲ့ လက်ရှိမှာ AA ထံ ဖမ်းဆီးခံထားရသူ အသက် ၂၆ နှစ်အရွယ် စစ်သုံ့ပန်းတဦးက ပြောပါတယ်။
ဘုရား၊ စေတီကုန်းမှာ တပ်စွဲနေခဲ့ချိန် ဘုရားဌာပနာတွေကို ဖောက်ထွင်းခိုးယူတာ၊ ဆင်းတုတော်တွေကို ဖျက်ဆီးတာတွေ ပြုလုပ်တာမရှိခဲ့ဘူးလို့ သူက ဆိုပါတယ်။
အလားတူ မြောက်ဦးမြို့နဲ့ ၄ မိုင်ခန့်ဝေးတဲ့ သင်္ကျစ်တော်ဘုရားတောင်ကုန်းမှာဆိုရင်လည်း ၂၀၁၉ တိုက်ပွဲကာလကစတင်ပြီး ၂၀၂၃ ဒီဇင်ဘာလအထိ ၅ နှစ်တာတပ်စွဲနေထိုင်ခဲ့ကြတယ်။
ရွှေတောင်ဘုရားစေတီနဲ့ သင်္ကျစ်တော်ဘုရားစေတီတောင်ကုန်းမှာ တပ်စွဲနေထိုင်ခဲ့ကြတဲ့ စစ်ကောင်စီတပ်သားတွေက မြေမြှုပ်မိုင်းတွေကို အထပ်ထပ်ထောင်ထားခဲ့တာကြောင့် အဲဒီနေရာ ၂ ခုကို လက်ရှိမှာ ကန့်သတ်နယ်မြေအဖြစ် အာရက္ခတပ်တော်က မှတ်ချက်ထားပါတယ်။
“အဲဒီတောင်ကုန်းတွေကို ဘယ်သူ့မှ တက်လို့ မရဘူး။ မိုင်းတွေက အထပ်ထပ်ရှိနေလို့။ အဲ့နေရာတွေမှာ အခုထိ မိုင်းရှင်းလို့ မပြီးသေးဘူး” လို့ AA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ရွှေတောင်စေတီဟာ နန်းတော်ကုန်းရဲ့ အရှေ့ဘက် မိုင်ဝက်ခန့်အကွာမှာရှိပြီး ပေ ၃၀၀ ခန့်မြင့်တဲ့ တောင်ကုန်းပေါ် မှာ တည်ရှိကာ သက္ကရာဇ် ၇၉၂ ခုနှစ်က ဘုရင်မင်းစောမွန် တည်ခဲ့တာဖြစ်ပါတယ်။
အမြောက်နဲ့ ပစ်ခတ်ခံရတဲ့ မြောက်ဦးရှေးဟောင်းသုတေသနဌာနပြတိုက်
မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနပြတိုက်၊ ဘုန်းတော်ကြီးကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတို့ကို စစ်ကောင်စီတပ်ရဲ့ စကခ ၉ လက်အောက်ခံ မြောက်ဦးအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၄၀၊ ခမရ ၃၇၇၊ ခမရ ၃၇၈ တပ်ရင်းတွေနဲ့ အမှတ် ၃၁ ရဲတပ်ရင်းတို့က ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်၊ မနက် ၅ နာရီခွဲခန့် အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။
အဲဒီတိုက်ခိုက်မှုကြောင့် မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ထဲက ရခိုင်ရှေးဟောင်းအမွေအနှစ်တွေအဖြစ် သတ်မှတ်ထားရုံသာမက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တင်သွင်းထားတဲ့ ကျောက်စာတွေ၊ ကျောက်ဆစ်လက်ရာတွေ၊ ဆင်းတုတော်တွေ ပျက်စီးဆုံးရှုံးခဲ့တဲ့အပြင် ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းပါ လက်နက်ကြီးကျည်ထိမှန်ပြီး ပျက်စီးခဲ့ရတယ်လို့ AA ကထုတ်ပြန်ခဲ့ပါတယ်။
“ပြတိုက်ကို လက်နက်ကြီးကျလို့ ကျောက်စာတွေ၊ ကျောက်ဆစ်လက်ရာ ရုပ်တုတွေ အများကြီး ပျက်စီးခဲ့တယ်။ အဲဒီအပျက်အစီးတွေကိုတော့ ဒီအတိုင်းပဲထားထားတယ်။ နေရာပြောင်းရွှေ့တာတွေ မလုပ်ထားဘူး။” လို့ မြောက်ဦးရှေး/သုဌာနနဲ့နီးစပ်သူတဦးက ပြောပါတယ်။
ဗုံးထိမှန်ပျက်စီးခဲ့တဲ့ ရှေးဟောင်းပြတိုက်နေရာကို အာရက္ခတပ်တော်(AA)က ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတာကြောင့် မြေလတ်အသံက ပြတိုက်အနီးသို့ရောက်ခဲ့ပေမယ့် ပျက်စီးမှုအသေးစိတ်ကို လေ့လာမှတ်တမ်းယူခွင့် မရခဲ့ပါဘူး။
ကျည်ထိမှန်ခဲ့တဲ့ ရတနာ့မာရ်အောင်စေတီ
မြောက်ဦးတိုက်ပွဲမှာ အရေးနိမ့်စစ်ရှုံးခဲ့တဲ့ စစ်ကောင်စီတပ်က ၂၀၂၄ ဇန်နဝါရီလအတွင်းမှာ မြောက်ဦးမြို့ပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေကို မကြာခဏဆိုသလို ပြုလုပ်ခဲ့တယ်။
Mi 35 ရဟတ်ယာဥ် ၁ စီးနဲ့ မြောက်ဦးမြို့ပေါ်ကို ပစ်ခတ်တိုက်ခိုက်ချိန် ရှေးဟောင်းသမိုင်းဝင်စေတီတဆူဖြစ်တဲ့ ရတနာ့မာရ်အောင်စေတီကို ကျည်ထိမှန်ခဲ့ပါတယ်။
အဲဒီကျည်ဆန်ဟာ စေတီတော်ရဲ့ “ကြာမှောက်” မှာ စိုက်ဝင်နေပြီး မြေလတ်အသံက သွားရောက်လေ့လာခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလကုန်အထိ မထုတ်ရသေးပါဘူး။
“စေတီမှာ စိုက်ဝင်နေတဲ့ ကျည်ကို ကျွမ်းကျင်သူတွေနဲ့ ထုတ်ရမှာဖြစ်လို့ မထုတ်နိုင်သေးဘူး။” လို့ ဘုရားဂေါပက အဖွဲ့ဝင်တဦးက ပြောပါတယ်။
အဲဒီလို စစ်လက်နက်ခြိမ်းခြောက်မှုတွေခံနေရတဲ့ ရှေးဟောင်းစေတီပုထိုးတွေရှိသလို ထိန်းသိမ်းမှုကင်းမဲ့နေလို့ ချုံနွယ်မြက်ပင်တွေရဲ့ ဝါးမျိုခြင်းခံနေရတဲ့ ရှေးဟောင်းစေတီပုထိုးတွေလည်း ရှိနေပါသေးတယ်။
မြောက်ဦးမြို့နန်းရာကုန်းရဲ့ မြောက်ဘက် ၁ မိုင်အကွာ မြေပြန့်ပေါ်မှာတည်ရှိပြီး ဉာဏ်တော် ၇၅ ပေခန့်မြင့်တဲ့ လောင်ပွန်းပြောက်စေတီဟာ ခရစ်နှစ် ၁၅၂၅ ခုနှစ်မှာ စလတ္တာစောမွန်(မင်းစောအို)က တည်ထားခဲ့တာပါ။
စားကျက်ကွင်းပြင်လိုဖြစ်နေတဲ့ လောင်ပွန်းပြောက်စေတီရင်ပြင်ပတ်ဝန်းကျင်က မြက်ပင်၊ နွယ်ပင်တွေ ပေါက်ရောက်နေပါတယ်။
စေတီတော်ပတ်ဝန်းကျင်ကို အဝေးကလှမ်းကြည့်လိုက်ရင် သစ်ပင်တောအုပ်တွေဝါးမျိုထားတဲ့ စေတီတော် ကိုယ်ထည်မှာ ငှက်ပျောဖူး တခုကလွဲပြီး စိမ်းစိုရောင်ဖြစ်နေတဲ့ မြက်ပင်၊ သစ်ပင်အတိကိုသာ မြင်တွေ့ရပါတယ်။
စေတီတော်ရဲ့ အောက်ခြေရင်ပြင်ကိုရောက်ရှိဖို့ မြေသားလမ်းမကနေဆင်းပြီး ရွှံ့ထနေတဲ့မြောင်း ၁ ခုကို ဖြတ်သွားရတယ်။ ရွှံ့မြေကိုဖြတ်ပြီးမှ မြက်ထူထူပေါက်နေတဲ့ ရင်ပြင်ကိုတက်ရမယ့် ကျောက်လှေခါးထစ်အနီးကို ရောက်ပါတယ်။
စေတီတော်အောက်ခြေရင်းက အရပ်မျက်နှာ ၈ ဖက်စလုံးမှာ ဂူ ၁ ခုစီရှိတယ်။ ဂူအတွင်းမှာ ကျောက်နဲ့ထုဆစ်ထားတဲ့ ဘုရား ၁ ဆူစီတည်ရှိတယ်။ ဘုရားဆင်းတုတော်တွေကို ရခိုင်အခေါ် ကောင်စီနွယ်အပင်တွေက ဖုံးအုပ်ထားလို့ အဲဒီအပင်တွေ တွန်းဖယ်ကာ ဖူးမျှော်ရပါတယ်။
လောင်ပွန်းပြောက်စေတီတော်ရဲ့ မြောက်ဘက် ပေ ၃၀၀ ခန့်အကွာမှာရှိတဲ့ ထူပါရုံစေတီတော်ဟာလည်း မြက်ပင်၊ သစ်ပင်တွေနဲ့ ဖုံးလွှမ်းလို့နေပါတယ်။
ဘားဘူတောင်စေတီတော်တွေတည်ရှိရာ တောင်ကုန်းဟာ မြောက်ဦးနန်းရာကုန်းရဲ့ အနောက်ဘက်မှာ တည်ရှိတာပါ။ တောင်ကုန်းဟာ ပေ ၃၀၀ ခန့်မြင့်ပါတယ်။ တောင်ပေါ် မှာ စေတီ ၄ ဆူတည်ရှိပါတယ်။ ဘားဘူစေတီမှာ ပြုပြင်မွမ်းမံထိန်းသိမ်းထားတာကြောင့် ပြိုကျပျက်စီးမှုမတွေ့ရပါ။ ကျန်တဲ့ စေတီ ၃ ဆူမှာတော့ လုံးဝ ပြိုပျက်သွားမှုနဲ့ တဝက်တပျက် ပြိုပျက်မှုတွေဖြစ်နေကြတယ်။
ပထမတဆူမှာ စေတီတော်ကိုယ်ထည်တခုလုံး အလုံးစုံပြိုပျက်မှုဖြစ်ကာ နွယ်တောချုံတွေအတိဖြစ်နေတာကို တွေ့ရတယ်။ ဒုတိယတဆူမှာတော့ စေတီတော်ရဲ့ ထိပ်ပိုင်းတခုလုံးပိုင်းပြတ်ကာ သစ်ပင်၊ နွယ်ပင်တွေနဲ့ ဖုံးလွှမ်းနေတယ်။
စေတီရဲ့ ဂူအတွင်းမှာလည်း ကျောက်တုံးနဲ့ ထုဆစ်ထားတဲ့ ဘုရားတပါးမှာ ဦးခေါင်းတော်အတိပြတ်လို့နေတယ်။ တတိယတဆူမှာဆိုရင် စေတီတော်ကိုယ်ထည်တခုလုံးကို ဝါးပင်၊ ညောင်ကိုက်ပင်၊ နွယ်ပင်တွေက ဝါးမျိုထားကြတယ်။
“အခုလို ရှေးဟောင်းသမိုင်းဝင်ဘုရား၊ စေတီတွေကို မြို့ခံတွေကလည်းထိန်းသိမ်းရကောင်းမှန်း မသိကြဘူး။ ရှေး/သုဌာနကလည်း ဘာမှအလုပ်မလုပ်။ အမည်ခံသပ်သပ်ပဲ။ အခုဆိုသမိုင်းဝင်အမွေအနှစ်တွေက တစတစပျောက်ကွယ်လို့လာတယ်။” လို့ မြောက်ဦးမြို့မှ ကျောင်းထိုင်ဆရာတော်တပါးက မိန့်ပါတယ်။
ဘားဘူတောင်မှာ အခုအခါ တောင်တခြမ်းပြိုကျနေပြီဖြစ်တာကြောင့် မကြာမီမှာ စေတီတော်တွေလည်း တောင်ပြိုကျမှုနဲ့အတူ ပြိုကျပျက်စီးသွားမယ့် အခြေအနေရှိနေတာကို တွေ့ခဲ့ရပါတယ်။
ကျန်ရှိတဲ့ မြတန်ဆောင်စေတီ၊ မုတ်ဆိတ်တော်စေတီ၊ ဗောဓိရွှေဂူစေတီ၊ မဟာဝိဇေယျရံသီစေတီ၊ ကိုးနဝင်းစေတီ၊ ညီတော်စေတီ၊ ထူပါရုံစေတီ၊ ရွှေဂူတောင်စေတီ၊ သျှင်မြဝါစေတီ၊ တေဇရာမစေတီ၊ မျှော်တော်မူစေတီ၊ နိရ်ပူဇာစေတီများ၊ ထင်တော်မူ၊ မြင်တော်မူစေတီ၊ ဘုရားအုပ်စေတီ၊ ရသေ့တောင်စေတီ၊ လက်ကွယ်တောင်စေတီ၊ ရွှေဂူကြီးစေတီ၊ မင်းခေါင်ရွှေတူစေတီ၊ ရတနာမှန်ကင်းနဲ့ ရတနာစံစေတီ၊ ရွှေတောင်စေတီ၊ ပီစိတောင်စေတီ၊ ဟရီတောင်စေတီ၊ သက်တော်ရှည်နဲ့ သက်တော်ရစေတီ၊ သင်္ကျစ်တော်စေတီတို့ မှာလည်း ထိန်းသိမ်းမှုကင်းမဲ့နေလို့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ တောအုပ်တွေ ဖြစ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။
“ဒီလိုရှေးဟောင်းအမွေတွေကို မထိန်းသိမ်းဘဲ ဒီအတိုင်းထားရင် ဘာယူနက်စကိုဝင်တော့မလဲ။” လို့ မြောက်ဦးမြို့ခံ ဘုရားဂေါပကအဖွဲ့တခုမှ အမျိုးသားတဦးက ဆိုပါတယ်။
အခုလိုတောအုပ်တွေ ဝါးမြိုခံရပြီး တစတစပြိုကျပျောက်ကွယ်မှု အန္တရာယ်နဲ့ ချက်ချင်းရင်ဆိုင်နေရတဲ့ ရှေးဟောင်းသမိုင်းဝင် စေတီ၊ ပုထိုး၊ ဘုရားတွေကို ထိန်းသိမ်းနိုင်ဖို့ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှု အခက်အခဲတွေကို မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။
“အဲဒီနေရာတွေမှာ မိုင်းရှိ၊ မရှိ အာမခံလို့ မရသေး။ နောက်ထပ်တခုကတော့ ပြိုပျက်နေတာတွေကို ပြင်ဖို့အတွက်ဆိုရင် ဆောက်လုပ်ရေးပစ္စည်း အခက်အခဲရှိနေတယ်။”လို့ သူက ပြောပါတယ်။
မြောက်ဦးမြို့မှာ တိုက်ပွဲကာလမှ လွတ်မြောက်ခဲ့ပြီဖြစ်ပေမယ့် ရှေးဟောင်းအမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့ရာ ဆောက်လုပ်ရေးပစ္စည်းတွေ ရှားပါးနေတာကြောင့် နောက်ထပ်နည်းလမ်းသစ်ထပ်ရှာကာ အတတ်နိုင်ဆုံးထိန်းသိမ်းမှု ပြုလုပ်သွားမှာဖြစ်တယ်လို့ သူကဆိုပါတယ်။
သျှစ်သောင်းပုထိုးတော်ကြီး
မြောက်ဦးနန်းတော်ကုန်းရဲ့အရှေ့မြောက်ထောင့် ပေ ၂၀၀ ခန့်အကွာမှာ တည်ရှိတဲ့ ရန်အောင်ဇေယျ (ခေါ်) သျှစ်သောင်းပုထိုးတော်ကြီးမှာ တိုက်ပွဲအတွင်း ပျက်စီးမှု၊ ပုထိုးတော်ကြီးမှာရှိတဲ့ ရှေးဟောင်းဘုရားဆင်းတုတော်တွေ၊ ကျောက်ဆစ်လက်ရာအမွေအနှစ် ပျောက်ဆုံးမှုတွေမရှိခဲ့ဘဲ နဂိုမူလပုံစံအတိုင်း ထီးထီးမားမား တည်ရှိနေတယ်။
သျှစ်သောင်းပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ ခုနှစ်မှာ မြောက်ဦးနန်းရှင် ဘုရင်မင်းဗာကြီးက တည်ထားကိုးကွယ်ခဲ့တယ်။
ပုထိုးတော်ကြီးကို တက်ရောက်ခဲ့လျှင်သိမ်တော်အတွင်းမှာတော့ ဘုရားဂေါပကအဖွဲ့ဝင် အမျိုးသား ၆ ဦးက ပန်းရေချမ်းကပ်လှူနေတာ၊ တံမြက်လှည်းသန့်ရှင်းရေးလုပ်နေတာ၊ ထိုင်ခုံပေါ်မှာ စာအုပ်တွေကို ဖတ်နေတာ တွေ့မြင်ရပါတယ်။
တိုက်ပွဲအတွင်းမှာ ပုထိုးတော်ကြီးရင်ဆိုင်ခဲ့ရတဲ့ ဖြစ်စဥ်အခြေအနေတွေကို မေးမြန်းကြည့်တော့ ၂၀၂၃ ဒီဇင်ဘာလကစလို့ ဘုရားဂေါပကတွေအနေနဲ့ ပုထိုးတော်ကြီးကိုစွန့်ခွာကာ နယ်ကျေးရွာတွေမှာ သွားရောက်နေထိုင်ခဲ့ရကြောင်း၊ တိုက်ပွဲပြီးလို့ ၅ လအကြာ ဧပြီလမှ ပုထိုးတော်ကြီးကို ပြန်လည်ရောက်ရှိခဲ့ကြောင်း ပြောပြပါတယ်။
“ဦးလေးတို့ ဘုရားကိုရောက်တဲ့အခါမှာ ပျက်စီးမှုတစုံတရာမတွေ့ရ၊ အမွေအနှစ်တွေလည်း မပျောက်ဆုံးတာကို တွေ့ရတယ်။” လို့ သူက ဆိုပါတယ်။
တိုက်ပွဲပြီးနောက် ပုထိုးတော်ကြီးကို ဂေါပကအဖွဲ့က အပြင်ပတ်လမ်းတခုကိုသာ ဖွင့်ပေးထားကာ ဘုရားဆီမီး (လျှပ်စစ်မီး) မထွန်းရတာကြောင့် အတွင်းပတ်လမ်းတွေကို သော့ခတ်ထားတာတွေ့ရတယ်။
“ဓာတ်ဆီဈေးကြီးတော့ ဦးလေးတို့ မထွန်းနိုင်ဘူး။ ဘုရားဖူးတွေ မရောက်လို့ မီးအလှူရှင်တွေကလည်းမရှိ။” လို့ ဘုရားဂေါပကတဦးက ပြောပြပါတယ်။
ပုထိုးတော်ကြီးရဲ့ အုတ်တံတိုင်းတွေမှာ တွယ်ကပ်နေကြတဲ့ မြက်ပင်တွေကို သံလှေခါးထောင်ပြီး ခြစ်ခွာနေကြတဲ့ အမျိုးသား ၂ ဦးကိုလည်း တွေ့ရပါတယ်။
ထုက္ကန့်သိမ်ပုထိုးတော်ကြီး
သျှစ်သောင်းပုထိုးတော်ကြီးရဲ့ အနောက်ဘက် ပေ ၃၀၀ အကွာက ပေ ၃၀ ခန့်မြင့်တဲ့ တောင်ကုန်းပေါ်မှာ ထုက္ကန့်သိမ်ပုထိုးတော်ကြီး တည်ရှိတယ်။
ပုထိုးတော်ကြီးမှာ မြက်ပင်တွေ ထူထပ်စွာပေါက်ဖွားနေကြပါတယ်။ ပုထိုးတော်ကြီးအတွင်းကို ဝင်ရောက်မည်ဆိုပါက အဝင်မုခ်ဝမှာ ၂ ခြမ်းခွဲသံတံခါး ၂ ချပ်ကို သော့ခလောက်ကြီး ၁ ခုနဲ့ ပိတ်ထားတာကို တွေ့ရတယ်။
ပုထိုးတော်ကြီးအတွင်းကို ကြည့်လိုလျှင် တံခါးရဲ့ သံချောင်းလေးထောင့်ပေါက်ကနေ လက်သွင်းပြီး ဖုန်းမီးဖွင့်ကြည့်မှသာ ကျောက်တုံးနံရံတွေမှာ ထုဆစ်ထားတဲ့ ကျောက်ဆစ်လက်ရာတွေကို မြင်တွေ့ရမှာဖြစ်တယ်။
တစတစပျက်စီးယိုယွင်းလာနေတဲ့ ကိုးသောင်းပုထိုးတော်ကြီး
မြောက်ဦးမြို့ပေါ်ကနေ အရှေ့အရပ်ဘက်ကို ဆိုင်ကယ်နဲ့ ၅ မိနစ်ခန့်စီးသွားလျှင် လေးထောင့်ပုံသဏ္ဍာန်ကုန်းမြင့်တခုပေါ်မှာ ပေါက်ရောက်နေကြတဲ့ မြက်တောထူထူကြားက အစီအရီထိုးထွက်နေတဲ့ စေတီအဆူဆူအများအပြားကို တွေ့မြင်ရမှာဖြစ်တယ်။
စေတီအဆူဆူတို့တည်ရှိရာ ပေ ၃၀ ခန့်မြင့်တဲ့ ကုန်းမြင့်ပေါ်မှာ ဦးခေါင်းတော်၊ ကိုယ်ထည်၊ လက်မောင်းတော်တွေ အပိုင်းပိုင်းအပြတ်ပြတ်နဲ့ တစစီပြန့်ကြဲမှုဖြစ်နေတဲ့ ဘုရားဆင်းတုတော်တွေနဲ့ ထူပါပုံကျောက်စေတီတော်ကြီး တဆူတည်ရှိပါတယ်။
ထိုနေရာကား ကိုးသောင်းပုထိုးတော်ကြီး ဖြစ်ပါတယ်။ ပုထိုးတော်ကြီးကို ခရစ်နှစ် ၁၅၅၃ မှာ ဘုရင် မင်းဋီကာ(တိက္ခာ)က တည်ထားခဲ့တာဖြစ်တယ်။
ပုထိုးတော်ကြီးရဲ့ အပြင်နံရံကို အဆင့် ၅ ဆင့်နဲ့ပြုလုပ်ထားပြီး တောင်ဘက်အဆင့်မှာ ကျောက်တုံးတွေနဲ့ပြုလုပ်ထားတဲ့ စေတီငယ် ၁၀၈ ဆူရှိခဲ့တယ်လို့ သမိုင်းမှတ်တမ်းက ဆိုပါတယ်။
အရှေ့ဘက်တက်လမ်းကနေ ပုထိုးတော်ကြီးကို တက်ရောက်ရင် ပထမအထပ် ဝဲ၊ ယာ တဖက်တချက်စီမှာ လိုဏ်ဂူဝင်ပေါက်ကိုယ်စီ ရှိကြတယ်။ ဒုတိယအထပ်ကိုရောက်လျှင် စေတီတော်ကြီးတဆူနဲ့ သိမ်တော်အတွင်းက ဘုရားတပါးကို ဖူးမျှော်ရမှာဖြစ်တယ်။
ပုထိုးတော်ကြီးရဲ့ ဒုတိယထပ် ပြိုကျနေတဲ့ လှိုဏ်ဂူတလျောက်တလျောက်လုံးမှာ ဉာဏ်တော်ငယ် ဘုရားဆင်းတုတော်အဆူဆူတို့ကို အစီအရီတွေ့ရမှာ ဖြစ်တယ်။ ဆင်းတုတော်တွေမှာ အကောင်းပကတိမဟုတ်ဘဲ ယိုင်လဲကာ ဦးခေါင်းတော်ပြတ်တွေကိုပဲ တွေ့မြင်ရတယ်။ လိုဏ်ဂူအမိုး သံဖြူချပ်တွေမှာလည်း ပေါက်ပြဲမှုတွေဖြစ်ကာ မိုးယိုမြဲ။
“ပုထိုးတော်ကြီးကို ပြန်လည်ပြုပြင်ချင်ပေမယ့် ငွေကြေးမရှိတာရယ်၊ တဖက်မှာလည်း ပြုပြင်လိုက်ရင် ရှေးဟောင်းလက်ရာတွေ ပျောက်ကွယ်မှုဖြစ်သွားမှာရယ်။ ဒါတွေကြောင့် ဒီလိုပျက်စီးလာနေတာ။” လို့ ကိုးသောင်း ဘုရားဂေါပကအဖွဲ့ဝင် အမျိုးသားတဦးက ပြောပါတယ်။
လက်ရှိမှာ တစတစပြိုကျစီးမှုနဲ့ရင်ဆိုင်နေရတဲ့ ဘုရား၊စေတီတော်တွေကို ပြန်လည်မပြုပြင်နိုင်သေးပေမယ့် ပုထိုးတော်ကြီးပေါ်မှာ ပေါက်ရောက်နေကြတဲ့ မြက်တော၊ နွယ်ချုံတွေနဲ့ ပုထိုးတော်အောက်ခြေပတ်ဝန်းကျင်က တောချုံတွေကို ရှင်းလင်းနေကြတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။
“ဘုရားဘဏ္ဍာငွေ သိန်း ၃၀၀ ကျော်ကို ဘဏ်မှာထားတာ။ အခု ရခိုင်မှာ ဘဏ်စနစ်မလည်ပတ်နိုင်တော့ ထုတ်မရဘူး ဖြစ်နေတယ်။ အခုသန့်ရှင်းရေးလုပ်နေရတာကလည်း အလှူငွေအနည်းငယ်နဲ့ ဖြစ်သလိုလုပ်နေရတာ”လို့ သူကဆိုပါတယ်။
ယူနက်စကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာပါဝင်တဲ့ စေတီပုထိုးတွေအပြင် ကျုံး၊ ခံတပ်၊ ဆည်မြောင်းစတဲ့ နေရာတွေဟာ စစ်ပွဲကြောင့် ပျက်စီးခဲ့တာရှိသလားလို့ ယူနက်စကိုအစီရင်ခံစာတင်သွင်းမှုမှာပါဝင်ခဲ့သူတဦးကို မေးကြည့်တဲ့အခါမှာ သူက အခုလိုဖြေပါတယ်။
“စစ်ပွဲမှာ ဘယ်လောက် အထိပျက်စီးသွားလဲ၊ ဘယ်လောက်ထိ ရှိသေးလဲဆိုတာကိုတော့ ကွင်းဆင်းလို့ မရှိသေးတဲ့အတွက် ပြောပြဖို့အခက်အခဲရှိတယ်။"
မြောက်ဦးမြို့မှာ အခုလက်ရှိ တောင်တွေကို ဖြိုချတာ၊ ချောင်းတွေကို မြေဖို့တာ၊ ကျူးကျော်အိမ်တွေ တည်ဆောက်တာ စတဲ့ပြောင်းလဲမှုတွေက ၂၀၁၇ မှာ မှတ်တမ်းတင်ခဲ့တဲ့ဓာတ်ပုံတွေနဲ့ မြင်ကွင်းပြောင်းလဲသွားတာတွေရှိတယ်လို့ သူက ဆိုပါတယ်။
အလားတူ နန်းရာကုန်းကိုလည်း စစ်ကောင်စီက ဒရုန်းဗုံးတွေချ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးမှုတွေ ရှိနိုင်သော်လည်း ချုံနွယ်ပင်တွေ ဖုံးလွှမ်းနေတာကြောင့် ဘယ်လောက်ပျက်စီးတယ်ဆိုတာ မသိနိုင်သေးဘူးလို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့တဦးဖြစ်သလို မြောက်ဦးမြို့ ယူနက်စကိုဝင်နိုင်ရေး ကြိုးပမ်းနေသူတဦးက ပြောပါတယ်။
လက်ရှိအခြေအနေတွေအရ ရှေးဟောင်းမြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်သတ်မှတ်နိုင်ရေး ဘယ်လိုရှိနိုင်မလဲဆိုတဲ့ မေးခွန်းကို သူက အခုလို မှတ်ချက်ပြုပါတယ်။
“ကမ္ဘာ့ယဥ်ကျေးမှုအမွေအနှစ်ဝင်ဖို့အတွက် (မြောက်ဦးမြို့ရဲ့) ယဥ်ကျေးမှုအမွေအနှစ်တွေက သူတို့သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ အားလုံးပြည့်စုံတယ်။ သို့သော်လည်း နိုင်ငံရေးနဲ့အများကြီး ဆက်နွယ်နေတယ်လို့မြင်တယ်။”
#မြေလတ်အသံ
#စစ်ဘေးဒဏ် #ရခိုင် #မြောက်ဦး #ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် #ပျက်စီးမှု
Share Share Share