စစ်ဘေးရှောင်မိသားတစ်စုရဲ့ စစ်ရှောင်ဒုက္ခအတွေ့အကြုံများ (ဆောင်းပါး)

စစ်ဘေးရှောင်မိသားတစ်စုရဲ့ စစ်ရှောင်ဒုက္ခအတွေ့အကြုံများ (ဆောင်းပါး)

ဇွန်လကုန်ပိုင်းမှာ မတ္တရာ-မိုးကုတ်လမ်းပိုင်းတစ်လျှောက်ကရွာတွေမှာ တိုက်ပွဲသံတွေဆူညံလာတော့ မမီးငယ်တို့ ရွာသားတွေလည်း သူတို့ရွာဆီတိုက်ပွဲတွေ ဘယ်တော့ရောက်လာမလဲဆိုပြီး ထိတ်လန့်စိုးရိမ်ကာ အထုပ်ပြင်ပြီး စောင့်နေကြရတယ်။ 

ဒီလိုနဲ့  ဇူလိုင် ၃ ရက်ည ၉ နာရီလောက်မှာ သူ့ရဲ့ကလေးတွေကို အိပ်ရာပြင်ပေးနေချိန် သူတို့ရွာထိပ်၊ မတ္တရာ-မိုးကုတ်ကားလမ်းပေါ်မှာ ဂိတ်ဖွင့်ထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ဘက်ကနေ သေနတ်သံတွေ ဆူညံစွာ ထွက်လာပါတော့တယ်။ 

“အသံတွေကြားတော့ ကလေးတွေခေါ်ပြီး အိမ်ပေါ်က ဆင်းကြည့်တာ။ အပြင်ကိုထွက်ကြည့်တော့ တစ်ရွာလုံး ရွာလယ်လမ်း မှာ အကုန်ပြေးလွှားနေပြီ။ အဲဒီမှာ အိမ်နီးနားက အစ်ကိုကြီးကပြောတယ် ‘ရွာကို ဝင်တိုက်နေပြီ၊ တိုက်ပွဲဖြစ်နေပြီ’ဆိုတော့ ကလေးတွေခေါ်၊ ဆိုင်ကယ်ထုတ်ပြီး အရင်ထဲကထုပ်ထားတဲ့ အရေးကြီးပစ္စည်းလောက်ပဲယူပြီး ထွက်ပြေးကြတာ။ အဝတ်အစားတွေ၊ တခြားဘာမှကို မယူနိုင်ဘူး” လို့ ကလေးသုံးဦးမိခင် မမီးငယ်က ပြောပြတယ်။ 

ကလေးတွေကို လက်ကဆွဲ၊ အထုပ်အပိုးတွေနဲ့ ပြေးဖို့ မမီးငယ်တို့ မိသားစုပြင်ဆင်နေဆဲမှာပဲ ကျယ်လောင်တဲ့ အသံကြီးတစ်ခု သူတို့အနီး မှောင်မှောင်မည်းမည်းထဲမှာ ထွက်ပေါ်လာပါတယ်။ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တော့ “ခေါင်းရင်းအိမ်ကို လက်နက်ကြီးကျတာ။ တစ်အိမ်လုံးပွင့်ထွက်သွားတာပဲ”လို့ မမီးငယ်က ပြောပြတယ်။ 

မွစာကျဲသွားတဲ့ ခေါင်းရင်းအိမ်က အိမ်နီးနားချင်းတွေရဲ့ကံကြမ္မာဟာ ဘယ်လိုဆက်ဖြစ်သွားသလဲဆိုတာ သူတို့မစူးစမ်းနိုင်ခဲ့ ပါဘူး။ အသက်ဘေးကလွတ်အောင်၊ တိုက်ပွဲထဲမှာ ပိတ်မိမသွားအောင် မိသားစုနဲ့အတူ အသက်လုထွက်ပြေးခဲ့ရတယ်လို့  အသက် ၄၀ အရွယ် မမီးငယ်က ပြောပြတယ်။ 

မမီးငယ်တို့နေထိုင်ရာ ရေနံ့သာရွာဟာ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာပါဝင်ပြီး လူဦးရေ တစ်သောင်းကျော်လောက် နေထိုင်တဲ့ ရွာကြီးပါ။ မတ္တရာမြို့ မြောက်ဘက်၊ မတ္တရာ-မိုးကုတ်သွား ကားလမ်းနံဘေးက ရွာကြီးပါ။ 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက ရှမ်းမြောက်ဒေသမှာစတင်ခဲ့တဲ့ ‘၁၀၂၇ စစ်ဆင်ရေး’ ရဲ့ နောက်ဆက်တွဲက မန္တလေးတိုင်း ထဲကို အခုနှစ်ဇွန်လကုန်ပိုင်းမှာ စတင်ကူးစက်လာခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ၊ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MDY-PDF) တပ်တွေနဲ့ မဟာမိတ် တော်လှန်ရေးတပ်ပေါင်းစုတွေဟာ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျဉ်း၊ မတ္တရာ အစရှိတဲ့မြို့နယ်တွေက စစ်ကောင်စီ တပ်စခန်းတွေကို ဇွန်လကုန်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ ဒီစစ်ဆင်ရေးကို NUG က ‘ရှမ်း-မန်းစစ်ဆင်ရေး’လို့ သုံးနှုန်းပါတယ်။ 

မမီးငယ်တို့ရွာဟာ စစ်ဘေးနဲ့မစိမ်းပါဘူး။ ပြီးခဲ့တဲ့နှစ်တွေတုန်းက မတ္တရာမြောက်ပိုင်းကရွာတွေကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတဲ့အခါ အဲဒီရွာတွေက စစ်ဘေးရှောင်တွေဟာ သူတို့ရွာကို ထွက်ပြေးလာလေ့ရှိတယ်လို့ မမီးငယ်က ပြောပါတယ်။

နောက်ပြီး ရေနံ့သာရွာဟာ ပျူစောထီးတွေလို့ ဒေသခံတွေတီးတိုးခေါ်ကြတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေ ရှိသလို ရွာလယ်ခေါင်မှာလည်း ရဲစခန်းရှိတာကြောင့် စစ်ကောင်စီအားကောင်းတဲ့ နယ်မြေတစ်ခုပါ။

ဇွန်လကုန်ပိုင်းမှာတော့ ရေနံ့သာရွာရဲ့ မြောက်ဘက်ပိုင်းမှာရှိတဲ့ နွယ်ရုံ၊ ချောင်းကြီး၊ ကျည်တောက်ပေါက် အစရှိတဲ့ ရွာတွေမှာ တိုက်ပွဲတွေ စဖြစ်လာခဲ့ပါတယ်။

ရွာနီးချုပ်စပ်က ဒီလိုတိုက်ပွဲတွေကြောင့် လူတချို့ရွာကိုစွန့်ခွာပြီး စတင်တိမ်းရှောင်ကြပေမယ့် မမီးငယ်တို့မိသားစုက အများနည်းတူ စစ်ဘေးရှောင်ဖို့ အခက်အခဲရှိနေခဲ့ကြတာပါ။

 

သူလည်းလာမရ ကိုယ်လည်းသွားမရ

သူ့ခင်ပွန်းဟာ ရန်ကုန်-မန္တလေးပြေးဆွဲတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးဖြစ်ပြီး အဲဒီတုန်းက အိမ်မှာမရှိဘဲ မန္တလေးမြို့ကို ရောက်နေပါတယ်။ အိမ်မှာ မမီးငယ်ရယ်၊ သူ့အမေရယ်၊ ၁၄ နှစ်အရွယ် သားကြီးတစ်ယောက်နဲ့ မူလတန်းအရွယ်ကလေး အငယ်တွေပဲ ရှိနေတာပါ။ တိုက်ပွဲတွေဖြစ်လာတဲ့အတွက် စစ်ကောင်စီက လမ်းပိုင်းတွေကို ပိတ်ချလိုက်တဲ့အခါ သူ့ခင်ပွန်းဟာ အိမ်ကိုပြန်လာဖို့ အခက်ကြုံသွားရတာပါ။ 

“တိုက်ပွဲသတင်းကြားတာနဲ့ သူ(ခင်ပွန်းဖြစ်သူ)က မတ္တရာကို လာဖို့ကြိုးစားသေးတယ်။ အဲဒီအချိန် ဖုန်းလိုင်းတွေလည်း မရတော့ဘူး။ မတ္တရာဘက်ကို ကားလမ်းတွေအကုန်လည်းပိတ်ထားလိုက်ပြီ” လို့ မမီးငယ်က ပြောပါတယ်။

တိုက်ပွဲသတင်းတွေ ခပ်စိပ်စိပ်ကြားလာရပေမယ့် ခင်ပွန်းဖြစ်သူ မရောက်လာနိုင်သေးချိန်မှာ မမီးငယ်တို့ မိသားစုဟာ နေအိမ်မှာပဲ တတ်နိုင်သလောက်‌ နေထိုင်မယ်လို့ ပထမတွေးခဲ့ပါတယ်။

ဒီလိုနဲ့ ဇူလိုင် ၁ ရက်မှာ တော်လှန်ရေးတပ်တွေဟာ မတ္တရာအထက်ပိုင်း စဉ့်ကူးမြို့နယ်မှာရှိတဲ့ နွယ်ရုံ၊ ကျည်တောက်ပေါက် စတဲ့ရွာတွေက စစ်ကောင်စီတပ်တွေကို စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၃ ရက်မှာ မတ္တရာမြို့အထွက်က သူတို့ရွာဆီ စစ်မီးကကူးလာခဲ့ပါတော့တယ်။ 

“ဒီရက်မတိုင်မီကလည်း ဒရုန်းတွေနဲ့ ဗုံးချတာတွေ၊ မိုင်းခွဲတာတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာ” လို့ မမီးငယ်က ကြုံခဲ့ရတာတွေကို ပြောပြတယ်။ 

မမီးငယ်တို့ကြုံခဲ့ရတဲ့ သူတို့ရွာရဲ့တိုက်ပွဲဟာ ညကြီးမှောင်မှောင်ထဲမှာ လက်နက်ကြီးပစ်ခတ်သံတွေ၊ သေနတ်သံတွေနဲ့အတူ ကောင်းကင်ယံမှာ ဒရုန်းတွေ၊ လေယာဉ်သံတွေဟာ “ဆူညံနေတယ်”လို့ ပြေးရင်းလွှားရင်း သူသတိထားမိခဲ့တာကို ပြန်ပြောပြ တယ်။ 

ရွာသားတွေဟာ ရွာအနောက်ဘက်က တောတောင်တွေထဲ ထွက်ပြေးကြရပြီး နေအိမ်တချို့လည်း လက်နက်ကြီးထိမှန် မီးလောင်တာတွေရှိခဲ့သလို ရွာလမ်းတစ်လျှောက်ပစ်ခတ်သံတွေ ဆူညံနေတယ်လို့ အဲဒီညကအဖြစ်အပျက်ကို မမီးငယ်က ပြောပါတယ်။

အသက်ဘေးကလွတ်ဖို့ ရွာကိုစွန့်ခွာရပြီဖြစ်တဲ့ မမီးငယ်ဟာ အသက် ၆၀ ကျော် မိခင်ကို ဆိုင်ကယ်အနောက်မှာတင်ကာ သူရင်ခွင်နဲ့ ဆိုင်ကယ်လက်ကိုင်ကြားထဲမှာ ငါးနှစ်အရွယ်သမီးငယ်ကို ခွတင်လိုက်ပါတယ်။ တခြားဆိုင်ကယ်တစ်စီးမှာတော့ အသက် ၁၄ နှစ်အရွယ် သူ့သားကြီးက ဆိုင်ကယ်မောင်းပြီး  ၁၀ နှစ်အရွယ် သူ့သားငယ်က နောက်ကထိုင်ကာ ဗုံးသံ၊ သေနတ်သံတွေ ဟိန်းဟိန်းညံနေတဲ့ သူတို့ရွာကို တခြားသူတွေနည်းတူ စွန့်ခွာခဲ့ကြပါတော့တယ်။ 

သူတို့ဟာ ရွာထဲက တခြားမိတ်ဆွေတွေနဲ့အတူ ရွာရဲ့အနောက်ဘက် တောလမ်းကနေ တောင်ကုန်းတွေကိုဖြတ်ကာ တောင်ပေါ်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ထွက်ပြေးခဲ့ကြတာပါ။

“အဝတ်အစားတောင် အပိုမပါလာဘူး။ ဘာမှကိုမယူနိုင်ဘူး” လို့ မမီးငယ်က ပြောပါတယ်။

တိုက်ပွဲဟာ တစ်ညလုံးနီးပါးဖြစ်နေပြီး နောက်ရက်မနက်ပိုင်းထိလည်း ပစ်ခတ်သံတွေကို သူတို့ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း ကနေ ကြားနေရတယ်လို့ သူက ဆိုပါတယ်။ 

တိုက်ပွဲတွေကြောင့် စစ်ကောင်စီဟာ မန္တလေး-မတ္တရာ-မိုးကုတ်သွား အဓိကလမ်းမကြီးကို အဲဒီအချိန်မှာ လုံးဝပိတ်လိုက်ပါပြီ။ သူတို့ရွာရဲ့ တောင်ဘက်က မတ္တရာမြို့ဘက်ကို ဝင်လို့မရတော့သလို မြောက်ဘက်က မိုးကုတ်မြို့ဘက်ကိုလည်း တက်လို့ မရတော့ပါဘူး။ 

တိုက်ပွဲဇုန်အတွင်းက လွတ်မြောက်အောင်ပြေးဖို့ ပွင့်နေတဲ့လမ်းကိုစုံစမ်းရင်း သူတို့ထွက်ပြေးခိုလှုံခဲ့တဲ့ တောင်ပေါ်ကျောင်း တိုက်မှာပဲ တခြားဒေသခံ ၅၀ လောက်နဲ့အတူ မမီးငယ်တို့ မိသားစုဟာ နှစ်ရက်ကြာ ဆက်လက်ခိုလှုံနေခဲ့ရပါတယ်။ 

ကျောင်းတိုက်မှာ ခိုလှုံနေစဉ်အတွင်း ရွာကရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ကြားခဲ့ရတယ်လို့ သူက ပြောပါတယ်။ 

တခြားဒေသခံတွေရဲ့ အပြောအရရော သူ့တို့မျက်မြင်ကြုံနေရတဲ့ အခြေအနေအရပါ သူတို့ဒေသမှာ တိုက်ပွဲတွေဆက်လက် ပြင်းထန်လာနိုင်တာကြောင့် ခင်ပွန်းသည်ရှိရာ မန္တလေးမြို့ဘက်ကို မိသားစုလိုက် ထွက်ခွာတိမ်းရှောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ မမီးငယ်က ပြောပြပါတယ်။ 

သူတို့နဲ့အတူ ဆိုင်ကယ် ၁၅ စီးခန့်ပါဝင်တဲ့ စစ်ဘေးရှောင်တွေဟာ မတ္တရာမြို့အရှေ့ဘက်က တောလမ်းတွေ၊ ရွာချင်းဆက် လမ်းတွေ၊ တောင်ပေါ်လမ်းတွေကို ခက်ခက်ခဲခဲဖြတ်ကျော်ကာ ဇူလိုင် ၆ ရက်မှာ  မန္တလေးမြို့ဘက်ကို ဦးတည် ထွက်လာခဲ့ ပါတော့တယ်။

ပုံမှန်လမ်းအတိုင်း ဆိုင်ကယ်နဲ့သွားမယ်ဆိုရင် မတ္တရာကနေ မန္တလေးကို တစ်နာရီ၊ တစ်နာရီခွဲဝန်းကျင်နဲ့ ရောက်ပေမယ့် လမ်းကြမ်း၊ တောလမ်းတွေကို အသုံးပြုဖြတ်ကျော်ရတာကြောင့် သုံးရက်တောင်ကြာခဲ့ရတယ်လို့ အတွေ့အကြုံကို မမီးငယ်က ပြန်ပြောပြတယ်။ 

မန္တလေးကိုသွားတဲ့ အဓိကလမ်းမကြီးပေါ်မှာ စစ်ကောင်စီကားတွေပဲ သွားလာနေပြီး လမ်းပေါ်တက်တာနဲ့ ပစ်ခတ်ခံရ နိုင်တာကြောင့် သူတို့ဟာ လမ်းကြောင်းအခြေအနေတွေစုံစမ်းမေးမြန်းပြီး ရွာလမ်းတွေကနေ တောတောင်တွေကို ဖြတ်ကျော်ကာ ပြေးခဲ့ရတယ်လို့ ပြောပြပါတယ်။

 

ပျူစောထီးကလည်းနှောက်ယှက်

သူတို့စစ်ဘေးရှောင်တွေက ရွာတစ်ခုနဲ့တစ်ခုကို ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်းလာခဲ့ရတယ်လို့ ဆိုပါတယ်။ တချို့နေရာ တွေမှာတော့ တိုက်ပွဲတွေဖြစ်နေတာကြောင့် တောင်ကြောတွေ၊ လျှိုတွေကြားမှာ ဝင်ခိုနေရတာလည်း ရှိခဲ့တယ်လို့ မမီးငယ်က ပြောပြပါတယ်။

ဒီလို ပြေးလွှားလာကြရင်း မတ္တရာမြို့နယ်ထဲက  ကင်းရွာအဝင်မှာ အဲဒီရွာက ပျူစောထီးတပ်တွေက သူတို့စစ်ရှောင် ဆိုင်ကယ်တန်းကို သေနတ်ဖောက်ကာ ပြန်လှည့်ခိုင်းတာကြောင့် ပြန်လှည့်ခဲ့ရပြီး အနီးနားကဘုရားစေတီ တစ်ခုမှာ တစ်ညသောင်တင်ခဲ့ရသေးတယ်လို့ မမီးငယ်က ပြောပြပါတယ်။

“အဲဒီအချိန်က ရွာအတော်များများမှာ ပျူစောထီးတွေရှိတယ်။ အဲဒီရွာတွေက အပြင်လူ အဝင်မခံတော့ဘူး” လို့ သူက ပြောတယ်။

သူတို့မိသားစုမှာလည်း သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲပါတာကြောင့် လမ်းခရီးတစ်လျှောက် ကျန်းမာရေးကိစ္စတွေ၊ နေရေးထိုင်ရေးကိစ္စတွေမှာ အခက်အခဲကြုံရတဲ့အခါ စိတ်ဓာတ်ကျခဲ့ရတယ်လို့ မမီးငယ်က ပြောပြပါတယ်။ ဒီအခါ “ငါ့မိသားစု မှာ ငါပဲရှိတယ်လို့ အားတင်းထားရတာပေါ့” လို့ သူက ပြောပါတယ်။

ဒါအပြင် တချို့ရွာတွေမှာလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်အခြေချနေတဲ့ သတင်းတွေကြောင့် ရှေ့ဆက်သွားလို့မရတဲ့ အခြေအနေတွေ သူတို့စစ်ရှောင်အုပ်စု ကြုံတွေ့ခဲ့ရပါသေးတယ်။

“လမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တစ်ညအိပ်ရတယ်။ စေတီကုန်းတစ်ခုမှာလည်း တစ်ညဝင်အိပ်ပြီး နှစ်ညအိပ်၊ သုံးရက်ကြာမှ မန္တလေးရောက်တယ်” လို့ မမီးငယ်က ပြောပြတယ်။ 

မန္တလေးမြို့ကို ပုသိမ်ကြီးမြို့နယ်ဘက်ကလမ်းကနေ ဝင်ကြတဲ့အခါ  သူတို့ဆိုင်ကယ်တွေဟာ မန္တလေးလိုင်စင် မဟုတ်တာ ကြောင့် မြို့အဝင်မှာ တားဆီးခံရနိုင်တဲ့အတွက်  လမ်းကအိမ်တစ်အိမ်မှာပဲ ထားခဲ့ရတယ်လို့ မမီးငယ်က ပြောပါတယ်။

“ဘဝမှာ တကယ့်ကို စွန့်စားခန်းပါပဲ။ စစ်ပွဲကြားကနေ ဒီလိုပြေးရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး” 

ရေနံ့သာရွာတိုက်ပွဲဖြစ်ပြီး သုံးရက်မြောက်နေ့၊ ဇူလိုင် ၆ ရက်မှာတော့  မတ္တရာမြို့နယ်အတွင်းက ရေနံ့သာရွာတိုးဂိတ်၊ ရေနံ့သာရွာ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်း ၂၅ ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ဇွန် ၂၅ ရက်ကစပြီး မတ္တရာမြို့အရှေ့ခြမ်းက ရွာတွေကို ထိုးစစ်ဆင်ခဲ့ပါတယ်။ အဲဒီရက်ပိုင်းမှာ မတ္တရာမြို့နယ်ထဲက ပန်းသလဲတောင်၊ ရေစိုတောင်၊ ကျောက်ကြမ်းတောင် စတဲ့ ဒေသတွေက စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ခဲ့တယ်လို့ ဒီအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့ပြင် ဇွန် ၂၇ ရက်မှာ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီရဲ့ အင်ကြိုင်းမြိုင်ကျေးရွာအခြေစိုက် အမှတ် (၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအပါအဝင် တပ်စခန်းပေါင်း  ရှစ်ခုကိုလည်း သူတို့ကသိမ်းပိုက်ခဲ့ပါသေးတယ်။ 

ဇွန် ၃၀ ရက်မှာတော့ မတ္တရာအပြင် စဉ့်ကူးမြို့နယ်အရှေ့ပိုင်းကရွာတွေကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ နှစ်ပတ်ကျော်အကြာ ဇူလိုင် ၁၇ ရက်မှာတော့ စဉ့်ကူးမြို့ကိုပါ တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ။

စဉ့်ကူးမြို့ဟာ မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေရဲ့ ပထမဆုံးသိမ်းပိုက်လိုက်တဲ့မြို့အဖြစ် သမိုင်းမှတ်တမ်းတင် နိုင်ခဲ့ပြီလို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ 

လက်ရှိမှာ စစ်ကောင်စီဟာ စဉ့်ကူးမြို့ ပြန်ရရေးအတွက် ဧရာဝတီမြစ်ကြောင်းကနေ စစ်သင်္ဘောတွေ၊  လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စဉ့်ကူးမြို့ပေါ်မှာ ဒေသခံတွေမရှိတော့ဘဲ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေပဲ ဆက်လက်တိုက်ပွဲပြင်းထန် လျက်ရှိပြီး အနီးအနားရွာတွေမှာပိတ်မိနေတဲ့ ဒေသခံတွေအများအပြားရှိတယ်လို့ စဉ့်ကူးမြို့က စစ်ဘေးရှောင်လာသူ တစ်ဦးက ပြောပါတယ်။

“အခုထိတော့ မြို့ထဲပြန်လို့တော့ မရသေးဘူး။ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတုန်းပဲ။ နေအိမ်တွေလည်း တော်တော်ပျက်စီးသွားတယ်” လို့ သူက ဇူလိုင် ၂၄ ရက်မှာ ပြောပါတယ်။

 

စစ်ဘေးရှောင်တွေ တိုးလာနေ

ဒါ့ပြင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကာကွယ်ရေးတပ်တွေဟာ မန္တလေးတိုင်း မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်းတွေအားလုံးကို ဇူလိုင် ၂၄ ရက်မှာ သိမ်းပိုက်ခဲ့ပြီး မိုးကုတ်မြို့ကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျဉ်းမြို့နယ်တို့မှာ ဇွန်လကုန်ပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီမြို့နယ်ထဲက ကျေးရွာအများအပြားက ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ အဲဒီမြို့နယ်တွေမှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်အရေအတွက်ကို အတိအကျ ကောက်ယူထားတဲ့ အချက်အလက်တွေတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လဆန်းပိုင်းမှာ နောက်ဆုံးထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံးမှာ လူဦးရေသုံးသန်းခန့် ပြည်တွင်းနေရပ်စွန့်ခွာနေရတယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ရှောင်တွေဟာ မန္တလေးမြို့ဘက်ကို ထွက်ပြေးကြသူတွေရှိသလို ဒေသတွင်းက ကျေးရွာတချို့မှာ ဗုံးခိုကျင်းတွေ အကာအရံတွေလုပ်ပြီး နေထိုင်ကြသူတွေလည်း အများအပြားရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ မတ္တရာဒေသခံ တစ်ဦးဖြစ်တဲ့ မမေဇင်က အခုလိုပြောပါတယ်။

“တချို့လည်း လမ်းမှာပိတ်မိနိုင်တဲ့အရေးရှိတော့ ဒီလိုပဲ တိုက်ပွဲလွတ်တဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ပုန်းကြတယ်။ တိုက်ပွဲဖြစ်ရင်တော့ ဗုံးခိုကျင်းတွေ၊ သဲအိတ်အကာအရံတွေကြားမှာ ဝင်ပုန်းနေရတယ်” 

သူတို့လက်ရှိခိုလှုံနေတဲ့ မတ္တရာမြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စစ်ဘေးရှောင်တစ်ရာကျော်ရှိနေပြီး အများစုက သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေများတယ်လို့ သူကပြောပါတယ်။

လက်ရှိ ဆောင်းပါးရေးသားနေတဲ့အချိန်ထိ မတ္တရာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဟာ စဉ့်ကူး၊ မတ္တရာမြို့တွေကို ပြန်ထိန်းချုပ်နိုင်ရေးအတွက် လေကြောင်း၊ ရေကြောင်းတို့အပြင် မြေပြင်ထိုးစစ်တွေလည်း ထိုးနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မမီးငယ်ကတော့ မန္တလေးမြို့မှာစောင့်နေတဲ့ သူ့ခင်ပွန်းနဲ့ပြန်လည်ဆုံစည်းခဲ့ပြီး လက်ရှိမှာတော့ ရန်ကုန်မြို့က သူ့အစ်မအိမ်ကို မိသားစုလိုက် ပြောင်းရွှေ့ခိုလှုံနေကြပါတယ်။ ရွာမှာကျန်ခဲ့တဲ့ သူ့တို့အိမ်လေး အကောင်းအတိုင်းရှိသေးရဲ့လားဆိုတာ သေချာမသိတော့ပါဘူး။

တိုက်ပွဲတွေရဲ့ အခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာမယ်ဆိုတာ သေချာမသိပေမယ့် ကလေးတွေရဲ့ ပညာရေး၊ ရန်ကုန်မှာ နေထိုင်စားသောက်ရေး ကိစ္စတွေအတွက် စိတ်ပူပန်နေရတယ်လို့ မမီးငယ်က ပြောပါတယ်။

သူ့ကလေးတွေဟာ ပညာရေးတစ်ပိုင်းတစ်စနဲ့ စစ်ရှောင်ခဲ့ရတာကြောင့် ဒီကိစ္စအတွက် ဘယ်လို ဖြေရှင်းရမလဲဆိုတာလည်း သူမသိသေးပါဘူး။ 

“ကျောင်းပြောင်းလျှောက်ချင်ပေမယ့် အဲဒီက(ဘယ်ကလဲ) ပညာရေးဌာနက ခွင့်ပြုချက်တွေ လိုသေးတယ်ပြောတယ်။ လမ်းပြန်ဖွင့်မှပဲ အဆင်ပြေမယ်” လို့ မမီးငယ်က ပြောပါတယ်။ 

ဒါ့အပြင် အစ်မအိမ်မှာကပ်နေရတဲ့ ရန်ကုန်နေ့ရက်တွေဟာ  ရေရှည်မှာ အဆင်မပြေနိုင်တာမို့ သူတို့မိသားစုရဲ့ အနာဂတ်ဟာ လည်း မရေမရာဖြစ်နေဆဲပဲလို့ မမီးငယ်က ခပ်တိုးတိုးနဲ့ အခုလို ပြောပါတယ်။ 

“ကလေးတွေ ကျောင်းမတက်ရဘဲ ဘယ်လောက်ကြာကြာ နေရမလဲမသိဘူး။ ကလေးတွေအနာဂတ်အတွက်စိတ်ပူတယ်”

 

( ဤဆောင်းပါးသည် မော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးဖြစ်သည်။ မော်ကွန်းမဂ္ဂဇင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းဌာနတခုဖြစ်သည်။ )

 

#မြေလတ်အသံ

#ဆောင်းပါး #စစ်ဘေးရှောင် #ဒုက္ခ #စစ်ပွဲ #အညာ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10