စစ်မီးလျှံကြားက ဘေးကျပ်နံကျပ် အညာလယ်ယာကဏ္ဍ

စစ်မီးလျှံကြားက ဘေးကျပ်နံကျပ် အညာလယ်ယာကဏ္ဍ

ရေးသားသူ - အယ်ခူ

(မှတ်ချက် - လုံခြုံရေးအခြေအနေနှင့် ကာယကံရှင်များ၏ တောင်းဆိုချက်အရ ယခုဆောင်းပါးတွင် ကျေးရွာများနှင့် တောင်သူဦးကြီးအချို့၊ လူပုဂ္ဂိုလ်အချို့၏ အမည်များ ဖော်ပြနိုင်ခြင်း မရှိပါ။)

အညာဒေသ စစ်ကိုင်းတိုင်းတွင် မိုးစပါးရာသီ စိုက်ပျိုးရေးလှိုင်ချိန်နှင့် နှမ်းသိမ်းချိန်အရောက် စစ်ကောင်စီက ချိန်ခါကိုက် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လိုက်သလား ထင်ရသည်။ ဇွန်၊ ဇူလိုင်ထဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ပိုပြီး ခပ်စိပ်စိပ်ဖြစ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုများနှင့်အတူ စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်လာသည်။ တိုက်ပွဲမရှိသည့် နေရာများတွင်လည်း ရွာတိုင်းစေ့နီးပါးကို စစ်ကြောင်းထိုးသည်။ မိုးရာသီကာလ စိုက်ပျိုးရေးလှိုင်ချိန်တွင် အိုးပစ်အိမ်ပစ် ပြေးနေကြရသည်။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းသည့် ကရင်နီပြည်နယ်နှင့် ချင်းပြည်နယ်များသာမက အညာဒေသကိုပါ ရည်ညွှန်းပြီး အဆိုပါဒေသများတွင် စစ်ရှိန်မြှင့်ဖို့ စစ်ခေါင်းဆောင်က သူ၏အရပ်ဘက်၊ စစ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို ဇူလိုင်လ ဒုတိယပတ်ထဲတွင် အမိန့်ပေးခဲ့သည်။ သူက “ပြည်သူ့လုံခြုံရေးအတွက် ယခုထက် ပိုမိုဆောင်ရွက်ရန်လိုအပ်သည်” ဟုဆိုသည်။

စစ်တပ်၏ပစ်မှတ်က ပြည်သူ့ကာကွယ်ရေးတပ် PDF များသာမက အဆိုပါ ပြည်သူ့ကာကွယ်ရေးတပ်များကို အထောက်ပံ့ဖြစ်စေသည်၊ ထောက်ပံ့နေသည်ဆိုသည့် စွပ်စွဲချက်များဖြင့် ဒေသခံလူထုကိုပါ ကြွက်မနိုင် ကျီမီးရှို့ ဆိုသလို ဖြစ်လာသည်။

စစ်ကောင်စီသည် အညာကျေးရွာများသို့ စစ်ကြောင်းထိုးတိုင်း နေအိမ်များ မီးရှို့သည်၊ လူသတ်သည်၊ ပြည်သူ့စည်းစိမ်ဥစ္စာကို ခိုးယူလုယက်သည်။ ဖျက်ဆီးပစ်သည်။ မီးရှို့ဖျက်ဆီးသည့်လုပ်ရပ်များတွင် အညာဒေသ ပင်မစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍနှင့် သက်ဆိုင်သည့် လယ်ယာထွက်ကုန်များ၊ လယ်ယာလုပ်ငန်းသုံးပစ္စည်းနှင့် သွင်းအားစုများသာမက လယ်ယာစိုက်ခင်းများရှိ ရိတ်သိမ်းကာနီး ရင့်မှည့်သီးနှံများပါ ပါ၀င်သည်။

Data For Myanmar ၏ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် တနိုင်ငံလုံးတွင် အိမ်ခြေ ၇၀,၀၀၀ ကျော်အထိ ဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းသည် နေအိမ် ၅၀,၀၀၀ ကျော် (၅၃,၈၁၆ လုံး)နှင့် ဆုံးရှုံးမှုအများဆုံးဖြစ်သည်။ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွင်လည်း ISP Myanmar ၏ အချက်အလက်များအရ တနိုင်ငံလုံးတွင် လူဦးရေ ၂.၇ သန်း နီးပါးရှိနေပြီး အဆိုပါစာရင်းတွင် စစ်ကိုင်းတိုင်းက ထက်ဝက်ကျော် ဖြစ်နေသည်။

တဖက်တွင်လည်း စစ်ကောင်စီသည် အညာဒေသကို ဖြတ်လေးဖြတ်မူနှင့် နှိပ်ကွပ်နေရာ ငွေကြေးနှင့်ရိက္ခာ အထောက်အပံ့ဖြစ်မည့် အညာ၏ ပင်မစီးပွားရေး စိုက်ပျိုးရေးကဏ္ဍအပေါ် နည်းမျိုးစုံနှင့် ဒုက္ခပေးလာသည်။

အာဏာသိမ်းကာလ အညာစိုက်ပျိုးရေးကဏ္ဍသည် အကျပ်အတည်းများစွာကြားတွင်  အသက်လုရုန်းကန်နေရသည်။

 

ကြီးမြင့်လာတဲ့ စိုက်ပျိုးစရိတ်

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီကာလနှင့် လက်ရှိ အာဏာသိမ်းအလွန် နှစ်နှစ်ခွဲကာလ နှိုင်းယှဥ်ကြည့်လျှင် လယ် (သို့မဟုတ်) ယာလုပ်ငန်းများတွင် ရင်းနှီးရသည့် စိုက်ပျိုးစရိတ်သည် အကြမ်းအားဖြင့် နှစ်ဆကျော် သုံးဆဝန်းကျင်အထိ ကြီးမြင့်သွားပြီဖြစ်သည်။ အညာဒေသ ပင်မသီးနှံများတွင် စပါးအပါအဝင် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာနှင့် ပဲမျိုးစုံအပြင် ကြံနှင့် ပြောင်းလည်း စိုက်ပျိုးကြသည်။ စိုက်စရိတ်တွင် အဓိကအားဖြင့် စိုက်ပျိုးမြေ ထွန်ယက်ပြင်ဆင်ခ၊ မျိုး၊ ဓာတ်မြသြဇာနှင့် လုပ်အားခ ပါဝင်သည်။

ဆီစျေး မြင့်တက်မှုကြောင့် ထွန်ယက်ခမြင့်ခြင်း၊ မျိုးစျေးကြီးခြင်း၊ မြေပြင်ရာတွင်သုံးရသည့် မြေဆီ (ခေါ် ) ဓာတ်မြေသြဇာ  (ဥပမာ - အာမို ၁၅ ပတ်လည်)များ စျေးတက်လာခြင်းက ယခင်စိုက်စရိတ်ထက် ကုန်ကျငွေ သိသိသာသာ ပိုလာခြင်း ဖြစ်သည်။

စပါးအပါအဝင် ပဲ၊ နှမ်း စိုက်စရိတ်များနှင့်ပတ်သက်ပြီး ယင်းမာပင်မြို့နယ်မှ တောင်သူတဦးက “အာဏာ မသိမ်းခင်ကာလနဲ့စာရင် မြေဆီစျေးက ငါးဆကျော်ထိ ရောက်သွားတယ်။ စက်သုံးဆီစျေး သုံးဆကျော် တက်တယ်။ မျိုးစျေး (စပါးကိုဆိုလိုသည်)နဲ့ ပိုးသတ်ဆေးကတော့ နှစ်ဆကျော် နှစ်ဆပေ့ါ။ ပြောရရင် စိုက်စရိတ်တင် တောင်သူက တော်တော်မောနေပြီ’’ ဟု ဆိုသည်။

မိုးစပါးတဧက စိုက်စရိတ် ပျမ်းမျှကုန်ကျငွေ

လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းတွင် အရင်းနှင့်အမြတ် မကာနိုင်သည့်အတွက် မစိုက်ဘဲ ပလပ်မြေ ထားလိုက်ရသည့် လယ်သမားများလည်း ရှိနေကြောင်း ပုလဲမြို့နယ်မှ တောင်သူတဦးက ရှင်းပြသည်။

“အရင်းကြီးပြီး ထွက်နှုန်းမသေချာတာရော စပါးပေါ်ချိန် စျေးကျတာရောကြောင့် မရေရာမသေချာလို့ ကွင်း (စပါးစိုက်လယ်) တချို့ မစိုက်ကြတာရှိတယ်” ဟုဆိုသည်။

ရိတ်သိမ်းပြီးချိန်ထိ စပါးတဧက စိုက်ပျိုး/ရိတ်သိမ်းစရိတ်သည် အနည်းဆုံး ကျပ် ၅ သိန်းခွဲမှ ၆ သိန်းထိ ကုန်ကျကြောင်းလည်း NUG ကဖွဲ့စည်းထားသည့် ကြားကာလ စိုက်ပျိုးရေးနှင့်မွေးမြူရေး ဦးစီးဌာနအောက်ရှိ ကသာမြို့နယ် စိုက်ပျိုးရေးတာဝန်ခံ ကိုပေါ်ထွန်းကပြောသည်။

စပါးရိတ်ရာတွင် စက်ရိတ်နှင့် လက်ရိတ်ကြား ကုန်ကျမှု ထူးထူးခြားခြား မကွာခြားလှဘဲ စက်ရိတ်ခသည် နာရီဖြင့်တွက်ချက်ယူပြီး လက်ရိတ်ခသည် စပါးရိုက်ပြီးသည်အထိ တင်း ၁၀၀ လျှင် ၁၈ တင်း (အနည်းဆုံး) ရှိသည်။ ထို့ကြောင့် သီးနှံထွက် မသေချာမရေရာသော်လည်း သို့မဟုတ် သီးနှံထွက်သေချာသည့်တိုင် ရိတ်သိမ်းချိန်တွင် နယ်မြေမတည်ငြိမ်မှုများကြောင့် ကိုယ်စိုက်သည့်အပင် ကိုယ်ရိတ်ရမည်မှာ မသေချာသော်လည်း မဖြစ်မနေ ရင်းလိုက်ရသည့် စိုက်စရိတ်က စွန့်စားခန်းကြီး ဖြစ်နေပြန်သည်။

 

အထောက်အပံ့ ချေးငွေမရှိခြင်း

ဒီမိုကရေစီအကူးပြောင်း အစိုးရနှစ်ဆက်တွင် အရှိန်ရလာသည့် စိုက်စရိတ်ထောက်ပံ့ရေး အစီအစဉ်အရ NLD ပါတီဦးဆောင်သည့် အစိုးရလက်ထက်အရောက်၌ လယ်တဧကလျှင် ကျပ်တသိန်းခွဲနှင့် ယာသီးနှံအတွက် ပျှမ်းမျှ ကျပ်တသိန်းထိ တိုးမြှင့်ပေးခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အစိုးရစိုက်စရိတ်ချေးငွေကို အညာဒေသတွင်း စစ်ကောင်စီ စိုးမိုးနယ်မြေတချို့မှ တောင်သူများက ထုတ်ယူကြသော်လည်း မြို့နယ်အများစုမှာ လုံးဝ ထုတ်ယူခြင်းမရှိကြသည်ကို တွေ့ရသည်။

“မြို့ပေါ် စိုက်ဘဏ်ကို ဘယ်တောင်သူမှ ငွေသွားမထုတ်ရဲကြဘူး။ အဓိကက လုံခြုံရေး စိတ်မချတာ။ သူတို့ကို မယုံရဲတာ” ဟု ကသာမြို့နယ်မှ ကိုပေါ်ထွန်းက ပြောသည်။

အာဏာမသိမ်းမီက အစိုးရ အမတော်ကြေးအပြင် ပြည်တွင်းပြည်ပ ငွေချေးလုပ်ငန်းနှင့် ကုမ္ပဏီများကလည်း အသေးစားငွေကြေးလုပ်ငန်း လုပ်ကိုင်သည့်အဖွဲ့အစည်းခေါင်းစဉ်အောက်တွင် ၎င်းတို့၏ မူဝါဒများအလိုက် တောင်သူလုပ်ငန်းများအတွက် ငွေထုတ်ချေးခဲ့ကြသည်။ သို့သော် လက်ရှိ အညာကျေးလက်ဒေသများတွင် နိုင်ငံတော်က ထောက်ပံ့ရေးအစီအစဉ်ကို လုံးဝအားကိုးမရတော့သလို နယ်မြေလုံခြုံရေးကြောင့် ပုဂ္ဂလိက ချေးငွေလုပ်ငန်းများလည်း လည်ပတ်မှုမရှိတော့ပါ။ အချို့ ပြည်ပချေးငွေလုပ်ငန်းများက နိုင်ငံကပင် အပြီးထွက်သွားကြပြီဖြစ်သည်။ အထင်ရှားဆုံးမှာ ပက်မြန်မာဟု ခေါ်ကြသည့် Pact Global Microfinance Fund ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့ပြအခြေခံလူထုနှင့် ကျေးလက်ဒေသများသို့ ချေးငွေထုတ်ပေးနေသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁၇၀ ရှိပြီး စစ်ကိုင်းတိုင်းတွင် အဖွဲ့ ၅၀ ရှိကြောင်း ငွေရေးကြေးရေးကြီးကြပ်ကွပ်ကဲမှုဦးစီးဌာန (FRD) က နောက်ဆုံးထုတ်ပြန်ထားသည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာစာရင်းတွင် တွေ့ရသည်။ အညာဒေသတွင်း ချေးငွေထုတ်ချေးနေသည့် ပုဂ္ဂလိက ငွေချေးလုပ်ငန်းများအနေဖြင့် ၎င်းတို့ ထုတ်ချေးနေသည့် လုပ်ငန်းများတွင် လယ်ယာကဏ္ဍ ဆက်စပ်လုပ်ငန်းများအတွက်က အများဆုံးဖြစ်ပြီး ၇၅% ထက်မနည်းဟု ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် အဓိကထားလည်ပတ်နေသည့် ချေးငွေလုပ်ငန်းစုတခုမှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက ပြောသည်။

“ပုဂ္ဂလိကချေးငွေက တောင်သူတွေဆီ ရွာအရောက်သွားပေးတယ်။ ငါးဦး ဝိုင်းကြီးချုပ်နဲ့ ပေးတယ်။ လုပ်ငန်းစဉ်ရှင်းတော့ တောင်သူတွေ အရမ်းလွယ်ကူပါတယ်။ ချေးငွေကာလကိုလည်း သီးနှံပေါ် ပြန်ဆပ်ခိုင်းသလို ၆ လ တနှစ်ကနေ နှစ်နှစ်လောက်ထိ အရစ်ကျဆပ် ပုံစံလည်းထားတယ်” ဟု ၎င်းကဆိုသည်။

ပုဂ္ဂလိက ငွေချေးလုပ်ငန်းများသည် ခေါင်းစဉ်အမျိုးမျိုးနှင့် ထုတ်ချေးသည့်အတွက် တောင်သူတွေ ငွေကျပ်ချိန်၊ အစိုးရငွေ ပြန်ဆပ်ချိန်များတွင် အသက်ရှူပေါက်အဖြစ် အားထားရသည်ဟုလည်း အာဏာမသိမ်းခင်ကာလ အခြေအနေကို ဆားလင်းကြီးဘက်မှ တောင်သူတဦးက ပြန်လည်တမ်းတ ပြောဆိုသည်။

‘’အကြွေးကို အကြွေးနဲ့ ပြန်ဆပ်ရပေမယ့် သီးနှံကို စျေးရအောင် ထိန်းထားနိုင်တယ်ဗျာ။ ပြီးတော့ မင်းငွေဆပ်ဖို့ ဆိုပြီး ရွာမှာတင်ချေးရင် အတိုးများမယ်။ အခုတော့ အဲ့ဒီအခွင့်အရေးတွေ အကုန်ပျက်သွားပြီ”ဟု ၎င်းက ဆိုသည်။

ပုဂ္ဂလိက ငွေကြေးလုပ်ငန်းများသည် သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် စိုက်စရိတ်ချေးငွေများ ထုတ်ချေးရာတွင် ကျပ်သိန်း ဆယ်ဂဏန်းအထိရှိကြောင်းလည်း အထက်ပါ ငွေချေးလုပ်ငန်းတခုမှ တာ၀န်ရှိသူကပြောသည်။ ချေးငွေအတွက် အတိုးနှုန်းမှာ ပျမ်းမျှ ၂ ကျပ် ၁၅ ပြား ဝန်းကျင် (၂% ကျော်) ဖြစ်သည်။ အရပ်ချေးငွေသည် ဒေသအလိုက် ၅% မှ ၁၀% ကျော်အထိ ရှိသည်။

ချေးငွေမရှိတော့သည့်အတွက် သီးနှံမစိုက်နိုင်သည့် တောင်သူအချို့ရှိလာကြောင်း အထက်ပါ ချေးငွေလုပ်ငန်းစု တာဝန်ရှိသူက ပြောဆိုသလို စိုက်စရိတ်အခက်အခဲကြောင့် အဖြစ်သာစိုက်ပျိုးရပြီး မြေပြင်ဆင်ရာတွင်သုံးသည့် ဓာတ်မြသြဇာများမထည့်နိုင်သလို အပင်ရှင်သန်ချိန်တွင်လည်း မြေသြဇာ အလုံအလောက် မသုံးနိုင်သည့် တောင်သူလယ်သမားလည်း များလာသည်ဟု ကန့်ဘလူမြို့နယ်မှ တောင်သူ ကိုမောင်မျိုးက ပြောသည်။

“စိုက်စရိတ်ကြောင့်ရော၊ ရွာတွေမှာ အတည်တကျ လူမရှိတာရောကြောင့် မစိုက်တဲ့လယ်ယာတွေ အများကြီးပဲ။ ဧကအနေနဲ့တော့ ဘယ်ပြောနိုင်မလဲ။ စာရင်းကောက်နိုင်တာမျိုး ဘယ်သူမှ မလုပ်နိုင်ဘူးလေ။ တချို့လည်း မဖြစ်မနေ မိသားစုစားရရုံ စိုက်ကြတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိ ကန့်ဘလူမြို့နယ်ဘက်တွင် မိုးစပါးနှင့် မိုးမြေပဲ စိုက်ရာသီဖြစ်သည်။

 

နယ်မြေလုံခြုံရေး စိန်ခေါ်ချက်

စစ်ကောင်စီသည် တော်လှန်ရေးအားကောင်းသည့် ဒေသများကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ပြီး ၃၇ မြို့နယ်ရှိသည့်အထဲ ၁၄ မြို့နယ်တွင် စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ လက်တွေ့တွင် စစ်ကိုင်းတတိုင်းလုံးသည် စစ်ကောင်စီ၏ မကြာခဏ လေကြောင်းပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် မည်သည့်မြို့နယ်မှ လုံခြုံရေး စိတ်မချရဟု ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အချို့က သုံးသပ် ပြောဆိုသည်။ 

စစ်ကောင်စီကမူ စစ်အုပ်ချုပ်ရေးကြေညာသည့် ဒေသများနှင့်ပတ်သက်ပြီး PDF များကို အကြမ်းဖက်အဖြစ်သုံးနှုန်းကာ အဆိုပါအဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပြည်သူများအတွက် လုံခြုံရေး စိုးရိမ်ရသည့်သဘော ရည်ညွှန်းပြောဆိုသည်။

နယ်မြေလုံခြုံရေးနှင့်ပတ်သက်ပြီး အညာဒေသခံများ၏အမြင်က စစ်ကောင်စီ စစ်ကြောင်းထိုးခြင်း၊ စစ်တပ် အထိုင်ချထားသည့်နေရာနှင့် နီးခြင်း၊ ပျူစောထီးရွာများနှင့် နီးစပ်နေခြင်းကို ဆိုလိုကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဖေဇော်ဂျီက သုံးသပ်ပြသည်။ ယင်းသို့ နယ်မြေလုံခြုံရေးအခြေအနေ ဆိုးရွားမှုများက တောင်သူများအပါ် များစွာထိခိုက်သည်ဟု သူကဆိုသည်။  

ဒေသခံ ပျူစောထီးများသည် စစ်ကောင်စီတပ် အားကိုးယူကာ အနီးနားကျေးရွာများတွင် စိတ်ကြိုက်ဝင်မွှေပြီး ပစ္စည်းစုံ ခိုးယူခြင်းအပြင် ဆန်စပါးများကို ယူဆောင်ခြင်း၊ သီးနှံများကို ဖျက်ဆီးခြင်းများ ပြုလုပ်လေ့ရှိသည်။

“ပျူတွေက အိမ်မှာရှိနေတဲ့ သီးနှံတင်မကဘူး၊ အခင်းထဲကသီးနှံပါ ရိတ်ယူတယ်။ တခါဆို စပါးရိတ်နေတုန်း ပျူစစ်ကြောင်းနဲ့မိတာ စက်ပါသိမ်းသွားတယ်” ဟု ဖေဇော်ဂျီကပြောသည်။

မကြာမကြာ စစ်ကြောင်းထိုးမှု၊ ပျူရွာများနှင့် နီးစပ်နေခြင်းများကြောင့် စိုက်ပျိုးချိန် မစိုက်ရ၊ ရိတ်သိမ်းချိန် မရိတ်သိမ်းရ ဖြစ်စဉ်များသည် စစ်ကိုင်းတိုင်းတွင်း ကျေးရွာတော်တော်များတွင် ကြုံတွေ့နေရသည်။ 

“ရွှေဘိုခရိုင်အနောက်ခြမ်း တလျှောက်လုံးက ဆိုးတယ်။ နေရာတော်တော်များများက စိုက်ဖို့ မလွယ်ကူဘူး” ဟု ဖေဇော်ဂျီကပြောသည်။

ရက်မပျက် စစ်ကြောင်းထိုးနေသည့် ချင်းတွင်းအနောက်ဘက်ခြမ်း ယင်းမာပင်ခရိုင်အတွင်းတွင်လည်း ပုလဲမြို့နယ် အင်မထီး နှင့် ဇီးဖြူကုန်းရွာ၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးနှင့် ကနီမြို့နယ် ရေလယ်ကျွန်းရွာများသည် ပျူရွာများဖြစ်ပြီး အဆိုပါရွာများက အနီးတဝိုက်ရှိ ကျေးရွာများနှင့် စိုက်ခင်းလုပ်ကွက်များကို အမြဲ ဒုက္ခပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ 

 

စစ်ကောင်စီရဲ့ အဖျက်လုပ်ရပ်

စစ်ကောင်စီသည် အညာဒေသ စစ်ကိုင်း၊ မန္တလေးနှင့် မကွေးတိုင်းအတွင်း မြို့နယ်အချို့ကို  ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အင်တာနက်လိုင်းများ ဖြတ်ချလိုက်သည်။ သည်တွင်လည်း စစ်ကိုင်းတိုင်းက ခုနှစ်မြို့နယ်အထိ အများဆုံးပါဝင်နေသည်။ ယင်းနောက် အင်တာနက် ဖြတ်တောက်မှုများကို တိုးချဲ့လုပ်ဆောင် လိုက်ရာ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း ဖုန်း၊ အင်တာနက် ကောင်းကောင်းရသည့် နေရာအဖြစ် မုံရွာ၊ ကလေးနှင့် စစ်ကိုင်းမြို့ပေါ် သာရှိတော့သည်။ စစ်ကောင်စီသည် သတင်းအချက်အလက် စီးဆင်းမှုကို ဟန့်တားပြီး လူ့အခွင့်ရေးချိုးဖောက်မှုများကို ပြောင်ပြောင်တင်းတင်းလုပ်ကာ ဖိနှိပ်မှု အရှိန်မြှင့်လိုက်ခြင်းလည်း ဖြစ်သည်။ 

အညာတွင် စစ်ကောင်စီသည် ၎င်းတို့၏စစ်ကြောင်းများ  မိုင်းဆွဲခံရသည့်အတွက် ကျေးရွာများနှင့် မြို့သို့ ဆက်သွယ်သည့် လမ်းပိုင်းများတွင် ဂိတ်များထားကာ လုံခြုံရေး အထူးတင်းကျပ်လာသည်။ မိုင်းလုပ်ရာတွင် အသုံးပြုသည်ဆိုသော စွပ်စွဲချက်ဖြင့် တောင်သူလယ်သမားများ၏ မြေဆီ (ယူရီးယားဓာတ်မြေသြဇာ)များ ပါလာသည့်ကားများကို စစ်ကောင်စီက ပြဿနာရှာသည်။ မြေဆီအိတ်များကို သိမ်းသည်၊ တချို့ကား သမားများထံမှ ငွေပါညှစ်သည်၊ ပါး နားရိုက်သည်။ 

“ကျနော့်ကားမှာ မြေဆီအိတ်တွေမိတော့ စစ်သားကပြောတယ်။ မင်းတို့ကောင်တွေက ဒီမြေဆီတွေနဲ့ ငါတို့ကို သတ်နေတယ်ဆိုတာ မသိဘူးလားကွဆိုပြီး အိတ်တွေ အကုန်ချထားခဲ့ခိုင်းတာ” ဟု မုံရွာအခြေစိုက် ကုန်ကားသမားတဦးက ပြောပြသည်။ 

တောင်သူလုပ်ငန်းသုံး ယူရီးယား ဓာတ်မြေသြဇာ သယ်ယူခြင်းသည် အညာဒေသတွင် တကယ့်ပြစ်မှုကြီး ဖြစ်နေပြီး ကံမကောင်း၊ အကြောင်းမလှလျှင် အသက်ပေးရကိန်းပင် ရှိနေကြောင်းလည်း အဆိုပါ ကားသမားက ဆိုသည်။ ယင်းကဲသို့ ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပုလဲမြို့နယ်မှ တောင်သူတဦးကလည်း ယခုလို ပြောပြသည်။

“ကျနော်ပါတဲ့ ကားမှာဆို မြေဆီအိတ်တင်လာတာ မိသွားတော့ **တွေက အဲ့ဒီအိတ်တွေကို မြောက်ယမား တံတားပေါ်ကနေ ရေထဲ ပစ်ချပစ်တယ်ဗျာ။” 

စစ်ကောင်စီအနေဖြင့် အညာဒေသတွင် စစ်ကြောင်းထိုးသည့်အခါများတွင်လည်း ဆန်စပါးနှင့် ကောက်ပဲသီးနှံများကို ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများအပြင် တောင်သူလုပ်ငန်းတွင်အသုံးပြုသည့် ပစ္စည်းများကိုလည်း ဖျက်ဆီးလေ့ရှိကြောင်း ဆားလင်းကြီး - ယင်းမာပင် ရွာပေါင်းစုံ သပိတ်ကော်မတီအဖွဲ့ဝင်ဖြစ်သလို တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုသက်ဦးက ပြောသည်။ ဖျက်ဆီးပုံ ဖျက်ဆီးနည်းက စစ်ကြောင်းတကြိမ်နှင့်တကြိမ် မတူပြန်။ တခါတရံတွင် တောင်သူ အသုံးပြုသည့် လှည်းများကို မောင်းမရတော့အောင် နည်းအမျိုးမျိုးဖြင့် ဖျက်ဆီးပစ်သည်။ ထွန်/ထယ်များကို အသုံးပြုမရအောင် ရိုက်ချိုး၊ ဖြတ်တောက်ပစ်သည်။

“ဒီဖက်ကရွာတွေမှာဆို အဖျက်များတာက သီးနှံများများ လှောင်ထားတဲ့အိမ်တွေကို သေချာရွေး ဖျက်တာ။ ဆန်း၊ စပါး၊ ဆီနဲ့ ကြက်သွန်တွေ အဖျက်များတယ်။ မြေဆီတွေ့လို့ကတော့ ဆန်နဲ့ ရောပစ်ခဲ့တာမျိုး။ အခု နောက်ဆုံးစစ်ကြောင်းဆို ဆန်စက်နှစ်လုံးကို မီးရှို့ပစ်ခဲ့တာ’’ဟု ကိုသက်ဦးက ပြောသည်။

စပါးကျီများ၊ လယ်ယာသုံးပစ္စည်းနှင့် ကုန်လှောင်ရုံများဆိုလျှင် လုံးဝအလွတ်မပေးတော့ဘဲ မီးရှို့ဖျက်ဆီးပစ်ကြောင်းလည်း သက်ဆိုင်ရာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီ၏ အန္တရာယ်ကြောင့် အညာတောင်သူအများစုသည် သီးနှံပေါ်သည်နှင့် အိမ်မှာမထားရဲတော့ဘဲ ရသည့်စျေးဖြင့် ရောင်းထုတ်ပစ်နေရသည်။

 

အညာတောင်သူတွေ ဘယ်လိုရှေ့ဆက်မလဲ

စစ်ကောင်စီသည် ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မည်ဟု အမြဲတစေ ပြောဆိုလေ့ရှိသည်။ အညာဒေသတွင်တော့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို စစ်ကောင်စီကပင် ပေါ်ပေါ်တင်တင် ဖျက်ဆီးနေကြောင်း နေ့စဉ်သတင်းများတွင် တွေ့မြင်နေရသည်။ သို့သော် စစ်ကောင်စီက မည်သည့်အခါမျှ ဝန်မခံ။

“မင်းအောင်လှိုင်ပြောတဲ့ ပြည်သူ့အသက်အိုးအိမ် ကာကွယ်တာတို့၊ ပြည်သူ့လုံခြုံရေး စောင့်ရှောက်တာတို့က ဇာတ်စင်ပေါ်က လူပျက်ထက်တောင် ရယ်ရတယ်။ အပြောနဲ့အလုပ် တခြားစီပဲ။ မြေပြင်မှာ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်တာက စစ်ကောင်စီပဲ။ ရယ်လည်း ရယ်ရတယ်၊ ရွံစရာလည်း ကောင်းတယ်” ဟု တောင်သူလယ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုသက်ဦးကပြောသည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှု

စစ်ကောင်စီသည် အညာဒေသ စစ်ကိုင်းတိုင်းတွင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ရှိနေသည်။ ၂၀၂၂ ခုနှစ် မေလ ၁၀ ရက်က ရေဦးမြို့နယ် မုံတိုင်ပင်ရွာတွင် ၃၁ ဦး၊ စက်တင်ဘာ ၁၆ ရက်က ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာတွင် ကျောင်းသားကလေးငယ် ၇ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး၊ ယခုနှစ်အတွင်း မတ်လ ၁ ရက်က စစ်ကိုင်းမြို့နယ် တာတိုင်ရွာတွင် ဒေသခံ ၁၇ ဦး၊ မတ်လ ၅ ရက်က မြင်းမူမြို့နယ် လက္ကပင်ရွာတွင် ဒေသခံ ၁၀ ဦး၊ ဧပြီလ ၁၁ ရက်က လေကြောင်းပစ်ခတ်မှုကြောင့် ကန့်ဘလူမြို့နယ် ပဇိကြီးရွာတွင် ၁၇၀ ဦး ကျော် ၊ ဇွန်လ ၂၇ ရက်က ပုလဲမြို့နယ် ညောင်ကုန်းရွာတွင် ဘုန်းကြီးတပါး အပါအ၀င် ၁၁ ဦး၊ ဇူလိုင် ၁၁ ရက်ဝန်းကျင်က ကနီမြို့နယ်ယင်းရွာတွင် အမျိုးသား ၁၅ ဦး၊ ဇူလိုင် ၂၀ ရက်နေ့က ယင်းမာပင်မြို့နယ် စုန်းချောင်းရွာတွင် ၁၄ ဦး ထက်မနည်း သတ်ဖြတ်ခံခဲ့ရသည်။ ယင်းအပြင် စစ်ကိုင်းတိုင်း အတွင်း ၅ ဦး အောက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်များ များစွာရှိနေပြီး ယေဘုယျအားဖြင့် စစ်ကြောင်းထိုးသည့် အခါတိုင်းတွင် အရပ်သား သတ်ဖြတ်မှုများ ကျူးလွန်လေ့ရှိသည်ကို တွေ့ရသည်။ 

အဆိုပါဖြစ်ရပ်များကိုကြည့်လျှင် အညာတောင်သူများသည် နေအိမ် မီးရှို့ဖျက်ဆီးမှုများ၊ သီးနှံ ဖျက်ဆီးခံရမှုများအပြင် အသက်ကိုပါ ရန်ရှာခံနေရသည်။ သို့သော် အညာဒေသတောင်သူများသည် အခက်အခဲ အကျပ်တည်းများကြားမှပင် ရုန်းကန်ရင်း လက်ငုတ်လက်ရင်း အလုပ်ဖြစ်သည့် လယ်ယာလုပ်ငန်းကို စွန့်လွှတ်ခြင်းမရှိသလို ကိုယ့်ဇာတိမြေကနေ တဖဝါးမှခွာမည်လည်း မဟုတ်ပါ။

“စစ်ကြောင်းထိုးရင် သုံးလေးရက်ပြေးလိုက်၊ ရွာပြန် စိုက်စရာရှိစိုက်၊ ရိတ်စရာရှိ ရိတ်လိုက်ပေါ့။ အကျင့်ရသွားသလိုပါပဲ” ဟု ကသာမြို့နယ်မှ တောင်သူတဦးက ပြောသည်။

အညာတောင်သူများအနေဖြင့် သဘာဝဘေးဒဏ်များ၊ စစ်ဘေးဒဏ်များကို ကူကယ်သူမဲ့ ခါးစည်းခံရင်း အခက်အခဲ အကျပ်တည်းများစွာ ရှိနေသော်လည်း အချင်းအချင်းဖေးကူရင်း ကြိုးစားရုန်းကန် နေကြသည်ကိုလည်းတွေ့ရကြောင်း ကိုသက်ဦးက သုံးသပ်ပြသည်။

စစ်ကောင်စီ၏ ထိုးစစ်များ၊ ဖျက်ဆီးရမ်းကားမှုများ ပိုဆိုးလာလျှင် “တောင်သူတွေ ဘယ်လို ရှေ့ဆက်ကြမလဲ” ဟု သဘောထားအမြင် မေးမြန်းကြည့်ရာတွင်တော့ ပုလဲမြို့နယ်၊ ကျေးရွာတရွာမှ တောင်သူ ကိုမိုးဝင်းက ယခုလို ပြောပြသည်။

 

“ဒီထက်ဆိုးလာရင် ကျုပ်ကတော့ လယ်စိုက်ရင်း စစ်တိုက်မယ်ဗျာ။”

 

#မြေလတ်အသံ

#ဆောင်းပါး #သတင်းဆောင်းပါး #စစ်ပွဲ #လယ်ယာ #အညာ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက်မှု #သတ်ဖြတ်မှု #အရပ်သား #မီးရှို့ဖျက်ဆီး #စိုက်ပျိုးရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10