စစ်မှုထမ်းကို ဆန့်ကျင်သူတွေနဲ့ တပ်သားသစ်တွေကို PRF က အခြေခံစစ်သင်တန်းဆင်းပေးနိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်ဒေသမှာ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF  တပ်ဖွဲ့က အပတ်စဥ် ၈ အခြေခံစစ်သင်တန်းဆင်းပွဲကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။ 

အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၅ ဦးကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်က စတင်သင်ကြားပေးခဲ့ပြီး စက်တင်ဘာ ၈ ရက်မှာ သင်တန်းဆင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

သင်တန်းသားတွေထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း စစ်မှုမထမ်းချင်လို့ နေရပ်အသီးသီးကို ပြန်လာကြတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် လွန်းညီ က ပြောပါတယ်။

သင်တန်းမှာ ရဲဘော်တွေကို စစ်ရေးဗျူဟာ၊ မိုင်းထုတ်လုပ်မှု၊ ကာယ၊ စိတ်ဓာတ်ကြံ့ခိုင်းရေးပိုင်းတွေအပါအဝင် စစ်ရေး၊ နိုင်ငံရေးတွေကို သင်ကြားပေးခဲ့ပြီး ထူးချွန်သင်တန်းသားတွေကိုလည်း ဆုချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ဟာ ပြည်သူလူထုအကူအညီ ထောက်ပံ့မှုနဲ့ ရပ်တည်နေပြီး စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ တပ်ဖွဲ့ရဲ့ လက်နက်လိုအပ်ချက်အရ ရဲဘော်တွေအယောက်တိုင်းကို လက်နက်တပ်ဆင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF အနေနဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၈ အထိ ပေးအပ်နိုင်ခဲ့ပြီး နောက်ထပ်လည်း စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ချင်တဲ့ လူငယ်တွေကို ကြိုဆိုနေတယ်လို့  ရဲဘော်လွန်းညီက ပြောပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်မှုထမ်း #ဆန့်ကျင်သူ #တပ်သားသစ် #အခြေခံစစ်သင်တန်း #သင်တန်းဆင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10