စစ်မှုထမ်းကြေးမပေးနိုင်တဲ့ တံငါသည်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

စစ်မှုထမ်းကြေးမပေးနိုင်တဲ့ တံငါသည်အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်အုပ်စု၊ မြို့မရွာမှာ စစ်မှုထမ်းကြေးမပေးနိုင်တဲ့ အမျိုးသား ၁ ဦး ဒီဇင်ဘာ ၁၅ ရက်ည ၁၁ နာရီလောက်မှာဖမ်းဆီးခံခဲ့ရတယ်လို့ မြို့သစ်မြို့ခံ တွေဆီက သိရပါတယ်။ 

ဖမ်းဆီးခံရသူဟာ အသက် ၃၂ နှစ်အရွယ် ကိုသန်းမိုးဖြစ်ပြီး မြို့သစ်မြို့မရဲစခန်းကရဲတွေ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပျူစောထီးတွေက သူ့နေအိမ်ကနေ မြို့သစ်မြို့မရဲစခန်းကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

“သူ့ကို ၃ သောင်းမပေးလို့ဆိုပြီး ဖမ်းသွားတာ၊ အုပ်ကြီးက ပိုက်ဆံမပေးရင်ထည့်တာပဲ” လို့ မြို့သစ်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။ 

ကိုသန်းမိုးဟာ ငါးဖမ်းရောင်းချကာ အသက်မွေးဝမ်းကြောင်းပြုနေရသူဖြစ်ပြီး ဇနီးနဲ့ KG အရွယ်သမီး ၁ ဦးရှိတယ်လို့ ဆိုပါတယ်။ 

မြို့လုလင်အုပ်စုထဲမှာ မြို့လုလင်၊ စျေးတန်း၊ ကွမ်းခြံ၊ မြို့မ၊ စစ်တော၊ ချောင်းရိုး၊ ညောင်တုတ် စတဲ့ကျေးရွာ ၇ ရွာရှိပြီး အုပ်စုအုပ်ချုပ်ရေးမှူး အောင်ကျော်ဦးဆိုသူဦးဆောင်ကာ ရွာထဲမှာ စစ်မှုထမ်းမလိုက်ချင်တဲ့သူတွေဆီကနေ စက်တင်ဘာလပိုင်းကစပြီး လစဥ်ငွေတောင်းနေတာလို့ ဆိုပါတယ်။ 

အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိကို ၃ သောင်း၊ အသက် ၃၅ နှစ်ကနေ ၄၀ ကျော်တွေကို ၁ သောင်း တောင်းတယ်လို့ အထက်ပါအမျိုးသမီးက ဆက်ပြောပါတယ်။ 

“မရှိရှိတာ ရောင်ပြီးပေးရတာ၊ ၃ သောင်းပေးရင် အုပ်ချုပ်ရေးမှူးနဲ့ မိန်းမကတာဝန်ယူတယ်လို့ ပြောတယ်၊ ငွေနဲ့မရွေးနိုင်လို့ မြို့သစ်မြို့နယ်ထဲက ဌေးဝင်းကျော်ကိုတော့ စစ်တပ်ထဲထည့်လိုက်တယ်၊ ညကြီး ရဲတွေခေါ်ပြီးဆွဲခံရတာ” လို့ ပြောပါတယ်။

ခုလိုဖမ်းဆီးမှုတွေရှိနေတာကြောင့် ကျေးရွာအုပ်စုထဲက ငွေမပေးနိုင်သူတွေဟာ ညပိုင်းတွေမှာ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။ 

“အမျိုးသားတွေဆိုရင် ညညဆို ရှောင်အိပ်ရတယ်၊ ၃ သောင်း ကြေးပေးတဲ့လူတွေကတော့ ရှောင် မအိပ်ရဘူး၊ စစ်တပ်က စစ်သားတွေခေါ်တာမဟုတ်ဘူး၊ ရဲတွေကိုခေါ်တာ၊ မြို့သစ်မြို့မရဲစခန်းက ရဲတွေပါ၊ ဈေးတန်းရွာက မင်းသူကိုတော့ ပိုက်ဆံနဲ့ပြန်ရွေးလိုက်ရတယ်၊ မင်းသူတုန်းက သိန်း ၁၀၀ လောက်ကုန်တယ်၊ ကွမ်းခြံရွာ အောင်မြတ်သူပန့်ဆိုင်က ကိုဌေးကတော့ပြန်ရွေးတာ သိန်း ၁၂၀ ကုန်တယ်၊” လို့ မြို့သစ်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

မြို့မရွာအုပ်ချုပ်ရေးမှူး အောင်ကျော်ဦးအပါအဝင် ဒုရဲအုပ် ထက်လင်းဝေ၊ နယ်ထိန်းသန့်ဇင် အပါအဝင် ၆ ဦးနဲ့ ပျူစောထီးအဖွဲ့ဝင် ဘိုလုံး၊ ရဲဝင်းအောင်၊ အောင်တင်ဝင်း တို့က ခုလိုလိုက်လံဖမ်ဆီးမှုတွေ လုပ်နေတာလို့ ဆိုပါတယ်။ 

အလားတူ စစ်မှုထမ်းဥပဒေထုတ်ပြန်လိုက်ပြီးနောက် မကွေးတိုင်းအတွင်းက မြို့သစ်မြို့နယ်အပြင် ပွင့်ဖြူ၊ စလင်း၊ ချောက် စတဲ့မြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းကြေးဆိုကာ ဒေသခံတွေကိုငွေကောက်ခံတဲ့အပြင် ငွေမပေးနိုင်သူတွေကိုဖမ်းဆီးတာနဲ့ ပေါ်တာဆွဲတာတွေကိုလုပ်ဆောင်လျှက်ရှိနေပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြို့သစ် #စစ်မှုထမ်းကြေး #အမျိုးသား #ဖမ်းဆီး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10