စစ်မှုထမ်းစာရင်းပါသူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

စစ်မှုထမ်းစာရင်းပါသူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းနေပြီး မဲပေါက်သူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ်လ ဒုတိယအပတ်အတွင်းမှာ အောင်လံမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ လူစာရင်းကို မဲနှိုက်ခိုင်းနေပြီး တနေရာနဲ့ တနေရာ မဲနှိုက်ခိုင်းတဲ့ပုံစံလည်းမတူဘူးလို့ ဆိုပါတယ်။

"ခုကတော့ စစ်မှုထမ်းဖို့ လူခေါ်တာလုပ်နေပြီး။ ရွာအများစုမှာတော့ မဲနှိုက်နေတယ်။ တရွာနဲ့တရွာ လူခေါ်တာက မတူညီဘူး။ လုပ်ချင်သလိုလုပ်နေကြတာ။ အချို့ရွာက တအုပ်စု ၁၀ ဦး။ အချို့ရွာကျ လူတရာကို ၁ ဦးနှုန်း မဲနှိုက်ခိုင်းနေတာ" လို့ အောင်လံမြောက်ပိုင်းနေ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီက သူတို့ထိန်းချုပ်ထားတဲ့နေရာတွေက ကျေးရွာတွေမှာတော့ အုပ်ချုပ်ရေးမှူးတွေကပဲ မဲနှိုက်ခိုင်းနေပြီး စစ်ကောင်စီရော တော်လှန်ရေးအဖွဲ့တွေကပါ ထိန်းချုပ်နေတဲ့နေရာတွေမှာတော့ စစ်တပ်နဲ့ ရဲ ဦးစီးကာ ကျေးရွာတွေအထိဆင်းပြီး မဲနှိုက်ခိုင်းနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးပြီး မဲနှိုက်တဲ့ကျေးရွာတွေမှာ မဲပေါက်တဲ့သူတွေအနေနဲ့ နေအိမ်ကနေ ထွက်ပြေးခဲ့မယ်ဆိုပါက ကျန်ရှိတဲ့မိသားစုဝင်တွေ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ပြော ဆိုခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ 

ဒေသခံအများစုကတော့ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုကြပေမယ့် ပြည်ပလည်းသွားဖို့ခက်၊ တော်လှန်ရေးအဖွဲ့တွေထဲလည်း ဝင်ဖို့ခက်နေသူတွေအတွက်က အကြပ်အတည်းကြားထဲမှာ ရောက်နေကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

"အိမ်မှာ သားတယောက်၊ သမီးတယောက် စစ်မှုထမ်းနိုင်တဲ့ အရွယ်ရှိတယ်။ မိန်းကလေး မခေါ်သေးဘူးဆိုလို့ သမီးအတွက် စိတ်အေးရပေမယ့် သားအတွက်က တော်တော်လေးစိုးရိမ်နေရတယ်။ ဘယ်အချိန် ငါ့သားသမီး တွေ အလှည့်ရောက်လာမလဲဆိုပြီးတော့ ညညဆို အိပ်တောင်မပျော်ဘူး။ ခုမှ မိခင်တွေရဲ့ သောကအစစ်ကို ခံစားနေရတယ်" လို့ အောင်လံတောင်ပိုင်းနေ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

လက်ရှိမှာ အောင်လံမြို့နယ်ထဲက ဆင်ချည်တိုင်၊ ကျောက်ဆည်၊ ရှမ်းကလေး၊ ညောင်ပင်ဝိုင်း၊ ကံရွာ၊ စခန်းကြီး၊ ဂုဏ်တောစတဲ့ကျေးရွာအုပ်စုတွေမှာ မဲနှိုက်ခိုင်းနေပြီလို့ ဆိုပါတယ်။

မဲပေါက်တဲ့သူတွေကိုတော့ စစ်ကောင်စီအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ချက်ချင်းမခေါ်သွားသေးဘဲ စာရင်းပဲမှတ်ထားကာ ဧပြီလမှာ စစ်မှုထမ်းဖို့ခေါ်ယူသွားမယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ သင်္ကြန်ပြီးကာလမှာ စစ်မှုထမ်းပထမအသုတ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေ ၅,၀၀၀ ကို စစ်သင်တန်းပေးဖို့ စီစဥ်နေပါတယ်။ 

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အောင်လံမြို့ #စစ်ကောင်စီ #စစ်မှုထမ်း #မဲနှိုက် #မိသားစု #ခြိမ်းခြောက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10