စစ်မှုထမ်းစာရင်းပါသူတွေ ထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက် (ရုပ်/သံ)

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းနေပြီး မဲပေါက်တဲ့သူတွေထွက်ပြေးပါက မိသားစုဝင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ်လ ဒုတိယအပတ်အတွင်းမှာ အောင်လံမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီဘက်က စစ်မှုထမ်းဖို့ လူစာရင်းကို မဲနှိုက်ခိုင်းနေပြီး တနေရာနဲ့ တနေရာ မဲနှိုက်ခိုင်းတဲ့ပုံစံလည်းမတူဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က သူတို့ထိန်းချုပ်ထားတဲ့နေရာတွေက ကျေးရွာတွေမှာတော့ အုပ်ချုပ်ရေးမှူးတွေကပဲ မဲနှိုက်ခိုင်းနေပြီး စစ်ကောင်စီဘက်ကရော တော်လှန်ရေးအဖွဲ့တွေဘက်ကပါ ထိန်းချုပ်နေတဲ့နေရာတွေမှာတော့ စစ်တပ်နဲ့ ရဲ ဦးစီးကာ ကျေးရွာတွေအထိဆင်းပြီး မဲနှိုက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက ဆိုပါတယ်။

စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဦးစီးပြီး မဲနှိုက်တဲ့ကျေးရွာတွေမှာ မဲပေါက်တဲ့သူတွေအနေနဲ့ နေအိမ်ကနေ ထွက်ပြေးတာမျိုးတွေ လုပ်ခဲ့မယ်ဆိုပါက ကျန်ရှိတဲ့မီသားစုဝင်တွေ အရေးယူခံရမယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာတွေရှိတယ်လို့ ဆိုပါတယ်။ 

ဒေသခံအများစုကတော့ စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုကြပေမယ့် ပြည်ပလည်းသွားဖို့ခက်၊ တော်လှန်ရေးအဖွဲ့တွေထဲလည်း ဝင်ဖို့ခက်နေသူတွေအတွက်က အကျပ်အတည်းကြားထဲမှာ ရောက်နေကြသလို လက်ရှိမှာ အောင်လံမြို့နယ်ထဲက ဆင်ချည်တိုင်၊ ကျောက်ဆည်၊ ရှမ်းကလေး၊ ညောင်ပင်ဝိုင်း၊ ကံရွာ၊ စခန်းကြီး၊ ဂုဏ်တောစတဲ့ကျေးရွာအုပ်စုတွေမှာ မဲနှိုက်ခိုင်းနေပြီလို့ ဆိုပါတယ်။

မဲပေါက်တဲ့သူတွေကိုတော့ စစ်ကောင်စီအဖွဲ့တွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ချက်ချင်းမခေါ်သွားသေးဘဲ စာရင်းမှတ်ထားကာ ဧပြီလမှာ စစ်မှုထမ်းဖို့ခေါ်ယူသွားမယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကတော့ သင်္ကြန်ပြီးကာလမှာ စစ်မှုထမ်းပထမအသုတ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေ ၅၀၀၀ ကို စစ်သင်တန်းပေးဖို့ စီစဥ်နေပါတယ်။

ပုံစာ - မန္တလေးမြို့ ပြည်သူ့စစ်သင်တန်းအမှတ်စဉ် ၄/၂၀၂၄ သင်တန်းဆင်းပွဲအား မတ်လ ၉ ရက်က ပြုလုပ်နေစဉ်။ 

စာတည်း - လင်းဇေ၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မကွေးတိုင်း #အောင်လံမြို့ #စစ်ကောင်စီ #စစ်မှုထမ်း #မဲနှိုက် #မိသားစု #ခြိမ်းခြောက်  #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10