စစ်မှုထမ်းဖို့လူသစ်လိုက်စုပေးတဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရ

စစ်မှုထမ်းဖို့လူသစ်လိုက်စုပေးတဲ့ အုပ်ချုပ်ရေးမှူး အသတ်ခံရ

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ လှံတင်ကျေးရွာအုပ်ချုပ်ရေးမှူးတဦး နေအိမ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၂၂ ရက်မနက် ၁၀ နာရီခန့်မှာ အသက် ၅၇ နှစ်အရွယ် လှံတင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးသိန်းကို နေအိမ်မှာရှိနေချိန် အင်အား ၂၀ ဝန်းကျင်ပါ လက်နက်ကိုင်လူတစုက ဆိုင်ကယ်တွေနဲ့လာပြီး နေအိမ်ထဲဝင်ပစ်သွားတာလို့ ဆိုပါတယ်။ 

"လာကတည်းကိုက ဆိုင်ကယ်တွေနဲ့လက်နက်ကိုင်ပြီး အုပ်စုလိုက်ဝင်လာတာ။ ပြီးတော့ အုပ်ကြီးနေအိမ်ထဲဝင်ပြီး ပစ်သတ်ပြီး ပြန်ထွက်သွားတယ်။” လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီလက်နက်ကိုင်အဖွဲ့ဝင်တွေဟာ ပစ်ခတ်ပြီးနောက် လှံတင်ကျေးရွာအနီးကရွာတွေကိုပါ ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး ဦးအေးသိန်းရဲ့ ဦးခေါင်းနဲ့ရင်ဘတ်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာတင် သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဦးအေးသိန်းဟာ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သလို စစ်မှုထမ်းဥပဒေအတွက် စစ်သားစုဆောင်းရေးမှာလည်း လိုက်ပါဆောင်ရွက်နေသူတဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီပစ်ခတ်မှုကိုတော့ ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။ 

ဦးအေးသိန်းပစ်ခတ်ခံရပြီးနောက် အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ အောင်လံမြို့ထဲကနေ စစ်သားအင်အား ၁၀၀ ကျော်လောက်က လှံတင်ကျေးရွာဘက်ကိုလာပြီး လက်နက်ကိုင်အဖွဲ့တွေ ဝင်ထွက်သွားလာခဲ့တဲ့ ကျေးရွာတွေကို စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၃ ရက်ကလည်း မကွေးတိုင်း၊ အောင်လံမြို့နယ်ထဲက ဒါးစမ်းကျေးရွာမှာ ကျောင်းထိုင်သံဃာ ၁ ပါးနဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #လှံတင် #အုပ်ချုပ်ရေးမှူး #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10