⁨စစ်မှုထမ်းဖို့အတွက် ဝေါမြို့နယ်ထဲက ရွာတွေကို စစ်တပ်က အင်အားသုံး ဝင်ဖမ်းနေ

⁨စစ်မှုထမ်းဖို့အတွက် ဝေါမြို့နယ်ထဲက ရွာတွေကို စစ်တပ်က အင်အားသုံး ဝင်ဖမ်းနေ

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဘုရားပျို၊ စိုင်တီစု၊ ညောင်ကိုင်းကျေးရွာတွေက ဒေသခံတွေကို  စစ်မှုထမ်းဖို့အတွက် စစ်ကောင်စီအဖွဲ့ဝင်တွေက ဝင်ဖမ်းနေကြတယ်လို့ အဲ့ဒီဒေသခံတွေဆီက သိရပါတယ်။

မေလ ၂၉ ရက် မနက် ၉ နာရီခန့်ကစပြီး စစ်တပ်အင်အား ၁၀၀ ကျော်ဟာ အဲ့ဒီ့ကျေးရွာတွေကို ကားတွေနဲ့ ဝင်လာပြီးနောက် ဒေသခံတွေကို ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

"စကစတပ်သားတွေ ရွာတွေကို ဝင်ဆွဲနေတယ်။ အရင်ကစစ်မှုထမ်းဖို့ မဲပေါက်ပြီး စာရင်းပေးထားသူတွေနဲ့ အရွယ်ကောင်းတွေကို လာဖမ်းတာ။ ရွာသားတွေကတော့ စစ်ကားတွေနဲ့လာတာဆိုတော့ ဘာမှန်းမသိဘဲ ရှောင်နေကြတယ်"လို့ ​ဝေါမြို့ဒေသခံတဦးက ပြောပါတယ်။

လတ်တလောမှာ ဒေသခံတွေပြောပြချက်အရ စိုင်တီစုရွာက ၂ ဦး၊ ညောင်ကိုင်းရွာက ၄ ဦးနဲ့ဘုရားပျိုရွာက ၃ ဦးပါသွားပြီး နောက်ထပ်ဖမ်းဆီးခံရသူတွေလည်းရှိနေသေးတာကြောင့်အရေအတွက် အသေးစိတ်မသိသေးဘူးလို့ဆိုပါတယ်။

စစ်ကောင်စီဘက်က ပြည်သူစစ်မှူထမ်းသင်တန်း ဒုတိယအသုတ်ထိခေါ်ယူပြီး သင်တန်းပေးနေပေမယ့် ဝေါမြို့နယ်ထဲကကျေးရွာတွေမှာ စစ်မှုထမ်းဖို့စာရင်းပါသူတွေဟာ အကြောင်းအမျိုးမျိုးပြပြီး တိမ်းရှောင်နေကြတာကြောင့် အခုလိုစစ်ကောင်စီဘက်က လာရောက်ဖမ်းခေါ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။

"ကျေးရွာထဲကားတွေနဲ့ဝင်လာပြီး စစ်မှုထမ်းဖို့နာမည်စာရင်းပါထားသူနေအိမ်တွေကို ဝင်ရှာတယ်။ လူတွေ့တာနဲ့ဖမ်းခေါ်သွား။ မတွေ့တဲ့သူတွေကိုလည်းမေးပြီးရှာတာရှိတယ်"လို့ ဒေသခံတဦးက ပြောပါတယ်

ဖမ်းခံရသူတွေကို ဝေါမြို့က ထွေအုပ်ရုံးမှာ ခေါ်ထားပြီး စစ်မှုထမ်းဖို့စာရင်းသွင်းနေသလို စစ်ကောင်စီဘက်ကလည်း ကျေးရွာတွေမှာ စာရင်းပါသူတွေကို ထပ်ဖမ်းနေကြသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဗဟိုအဆင့်ကလည်း စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး အကြောင်းအမျိုးမျိုးပြတိမ်းရှောင်နေသူတွေကို ဥပဒေအရ အရေးယူမယ်ဆိုပြီး မေလအတွင်းကပြုလုပ်တဲ့အစည်းအဝေးမှာ ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။

ဝေါမြို့နယ်ထဲက ရပ်ကွက်၊ ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဧပြီလမတိုင်ခင်ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဖို့ဆိုကာ မဲနှိုက်တာ၊ နာမည်စာရင်းတောင်းခံတာတွေလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

စာတည်း- စျာန်မြင့်

#မြေလတ်အသံ

#ဝေါ #သတင်း #စစ်မှုထမ်း #လူဖမ်း #စစ်ကောင်စီ #ဝေါသတင်း⁩

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10