စစ်မှုထမ်းဖို့အတွက် နတ်မောက်က အမျိုးသား ၅ ဦး အဓမ္မဖမ်းဆီးခံရ

စစ်မှုထမ်းဖို့အတွက် နတ်မောက်က အမျိုးသား ၅ ဦး အဓမ္မဖမ်းဆီးခံရ

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဘူတာရွာနဲ့ လက်ခုပ်ပင်ရွာက ရွာသား ၅ ဦးကို စစ်မေးစရာရှိလို့ဆိုပြီး မေလ ၅ ရက်ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီအဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဘူတာရွာက အသက် ၂၁ နှစ်ဝန်းကျင် ကိုပိုင်၊ အသက် ၂၅ နှစ်ဝန်းကျင် နေထက်လင်း၊ အသက် ၂၉ နှစ်ဝန်းကျင် ကိုညီညီ နဲ့ လက်ခုပ်ပင်ကျေးရွာက အမျိုးသား ၂ ဦးတို့ကို တညတည်းမှာပဲ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။  

“မီးပျက်ချိန်ကို ဝင်ဆွဲတာပါ။ ဘာမှအပြောမခံပါဘူး။ အင်္ကျီတောင်မဝတ်ခိုင်းတော့ပါဘူး။ အတင်းခေါ်သွားတာပါ။ အခုဆို တရွာလုံး ညရော နေ့ရောပုန်းနေကြရပါတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရသူတွေဟာ လက်လုပ်လက်စားတွေဖြစ်ကာ သူတို့ထဲက ကိုနေထက်လင်းဟာ လေဖြန်းဝေဒနာ ခံစားနေရသူဖြစ်ပြီး အဖမ်းခံရတဲ့အချိန်မှာလည်း လက်ကိုသံပြားညပ် ဒဏ်ရာနဲ့ ဖျားနေတယ်လို့ ဆိုပါတယ်။ 

အထက်ပါအမျိုးသားတွေကို ဝင်ဖမ်းချိန်မှာ စစ်ကောင်စီအဖွဲ့တွေက အရပ်ဝတ်ဝတ်ထားပြီး နေအိမ်တွေကို နာမည်နဲ့အတိအကျဝင်ဖမ်းတာကြောင့် လာဖမ်းတဲ့အထဲမှာ ရွာခံအချို့လည်း ပါနိုင်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

သူတို့တွေကို လက်ရှိအချိန်ထိ နတ်မောက်နတ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးဘူးလို့ ဆိုပါတယ်။

“ခုထိ ဘယ်ပို့မယ်ဆိုတာမပြောပါဘူး။ အတွေ့လည်းမခံပါဘူး။ စခန်းနား ပလက်ဖောင်းမှာ စောင့်တာတောင်မရပါဘူး။” လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒါ့အပြင် အဖမ်းခံရသူတွေကို ရဲစခန်းထဲမှာ စစ်ဆေးတာတွေလုပ်ပြီး တောင်တွင်းကြီးဘက်ကို ပို့မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတာကြောင့် မိသားဝင်တွေအနေနဲ့ စိတ်ပူပင်နေရတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်အတွင်းမှာလည်း နတ်မောက်မြို့ပေါ်နဲ့ အနီးတဝိုက်ကျေးရွာတွေက လူ ၁၀၀ နီးပါးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး နတ်မောက်မြို့မရဲစခန်းကို ခေါ်ဆောင်ကာ အသက်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ပြန်လွှတ်ပေးပြီး တချို့ကိုတော့ ငွေနဲ့ပြန်ရွေးခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပုံစာ - နေပြည်တော်တွင် စစ်ကောင်စီခေါ်ယူထားသည့် စစ်မှုထမ်းအပတ်စဉ် ၁ တက်ရောက်ရမည့်သူများအား မတ် ၂၉ ရက်ကတွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #နတ်မောက် #စစ်ကောင်စီ #ဖမ်းဆီး #အမျိုးသား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10