စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးသူ ကြံ့ခိုင်ရေးကော်မတီဝင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

စစ်မှုထမ်းဖို့ လိုက်လံစည်းရုံးသူ ကြံ့ခိုင်ရေးကော်မတီဝင် ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကန်တရာကျေးရွာက ကြံခိုင်ရေးပါတီဝင် ၁ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသက် ၅၉ နှစ်အရွယ် တောင်ငူမြို့နယ်ကြံခိုင်ရေးပါတီ မြို့နယ်ကော်မတီဝင် ဦးစိန်မြင့်ကို မတ်လ ၁၇ ရက် ည ၉ နာရီခန့်မှာ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  

"သူ့နာမည်လာခေါ်လို့ ထွက်ပြေးတာ။ သေနတ်သမားတွေကလည်း လိုက်ပစ်တာ။ သေနတ်သံ ၉ ချက်လောက်ကြားတယ်။ သူအိမ်တခြံကျော်လောက်မှာ ကျည်ထိပြီးသေသွားတာ"လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦးစိန်မြင့်မှာ လက်၊ နောက်ကျောနဲ့ ဦးခေါင်းမှာ ကျည်ထိဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ပစ်ခံရပြီးနောက်တနေ့မနက် မတ်လ ၁၈ ရက် ၈ နာရီလောက်မှာ ရဲနဲ့စစ်သား ၁၀ ဦးခန့်အပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက လာရောက်စစ်ဆေးပြီး အလောင်းကိုသယ်သွားကြတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဦးစိန်မြင့်ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး မြို့နယ်အဆင့် ကြံခိုင်ရေးကော်မတီဝင်တဦး လည်းဖြစ်သလို ဒေသခံတွေကိုလည်း စစ်မှုထမ်းဖို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့အတူ လိုက်လံစည်းရုံးနေကာ စစ်မှုထမ်းကိစ္စအောင်မြင်ရေးလုပ်ငန်းစဥ်တွေမှာ ပါဝင်လုပ်ကိုင်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၃ ရက်ကလည်း တောင်ငူမြို့နယ်၊ ကျေးအင်းထုံးဖိုကျေးရွာက ကြံခိုင်ရေးပါတီ ရပ်ကျေးစည်းရုံးရေးမှူး ၁ ဦး နေအိမ်မှာ ပစ်သတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #တောင်ငူ #စစ်မှုထမ်း #ကြံ့ခိုင်ရေးကော်မတီဝင် #ပစ်ခတ်ခံရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10