စစ်မှုထမ်းရန် မန္တလေးမြို့ပေါ်ရပ်ကွက်တခုကို လူ ၃၀ အထိ စစ်တပ်က အဓမ္မတောင်းခံနေ

စစ်မှုထမ်းရန် မန္တလေးမြို့ပေါ်ရပ်ကွက်တခုကို လူ ၃၀ အထိ စစ်တပ်က အဓမ္မတောင်းခံနေ

မန္တလေးမြို့နဲ့အနီးစပ်ဆုံး မတ္တရာမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပြီး နယ်မြေတွေအသိမ်းခံနေရတဲ့စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ပေါ်က ရပ်ကွက်တွေကို တရပ်ကွက်လျှင် လူ ၃၀ စစ်မှုထမ်းဖို့တောင်းနေတယ်လို့  မြို့ခံတွေဆီက သိရပါတယ်။

အရင်က စစ်မှုထမ်းအပတ်စဥ်တခုလျှင် တရပ်ကွက်ကို လူငယ် ၂ ဦးတောင်းခံခဲ့ရာကနေ အခုအပတ်စဥ်အတွက် လူဦးရေ ၃၀ တောင်းခံခဲ့တာလို့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

"မနေ့က အိမ်ကိုအုပ်ချုပ်ရေးမှူးက သတိလာပေးတယ်။ ဆိုင်စောစောပိတ်ဖို့နဲ့ ညဘက်တွေလမ်းပေါ် မထွက်ဖို့ပြောတယ်။ စစ်တပ်က ပေါ်တာဆွဲနိုင်တယ်။ ပါသွားရင် သူဘာမှ လုပ်မပေးနိုင်ဘူးလို့ပြောတယ်" လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။

စစ်တပ်က အခုအပတ်စဥ်အတွက် လူဦးရေ ၃၀ တောင်းတာကို အုပ်ချုပ်ရေးမှူးက မရနိုင်ဘူးလို့ ငြင်းဆိုခဲ့ရာမှာ မရရင်ရအောင်လုပ်ရမှာပဲလို့ စစ်တပ်ကပြောဆိုသွားတာကြောင့် သတိလိုက်ပေးတာလို့ အုပ်ချုပ်ရေးမှူးရဲ့ပြောစကားကို သူက ပြန်ပြောပြပါတယ်။ 

အလားတူ မန္တလေးမြို့က ရပ်ကွက်တချို့မှာ ည ၈ နာရီနောက်ပိုင်းအပြင်မထွက်ဖို့ အုပ်ချုပ်ရေးမှူးတွေ လိုက်သတိပေးတဲ့သတင်းတွေလည်း ထွက်နေပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်က ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာလည်း အခုလိုဖြစ်ခဲ့ပြီး စစ်တပ်က ကျေးရွာအတွင်းအထိ နှစ်ကြိမ်တိုင်ဝင်ရောက်စီးနင်းကာ ပေါ်တာဆွဲဖို့ ကြိုးစားခဲ့တယ်လို့ ညောင်ဦးမြို့နဲ့ တမိုင်ခွဲခန့်သာဝေးတဲ့ကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

"ကျနော်တို့ ရွာဘက်က ဒီ ၃ နှစ်လုံး နယ်မြေငြိမ်တယ်။ ဒီတခေါက် စစ်မှုထမ်းမှာပါတဲ့လူတွေရှောင်တော့ လူမပေးနိုင်လို့ စစ်တပ်က ဝင်ဆွဲမှာလို့ အုပ်ချုပ်ရေးမှူးကိုပြောပြီး ၂ ခါဝင်တယ်။ စစ်ကား ၆ စီးနဲ့ အိမ်တွေ အထိဝင်တာ။ ယောက်ျားလေးတွေ အကုန်ပြေးရတာ။ " လို့ အဲဒီဒေသခံက ပြောပါတယ်။

ဒါ့အပြင် ဒီလမှာ ညောင်ဦးမြို့နယ်မှာ စစ်တပ်က စစ်မှုထမ်းခေါ်သွားတဲ့ လူငယ်တဦး ၈ ရက်အကြာမှာ နှိပ်စက်ဒဏ်ရာနဲ့သေဆုံးတဲ့ အလောင်းပြန်ပို့ခံရတာကြောင့် ဒေသခံတွေဟာ စစ်မှုထမ်းခေါ်ခံရမှာကို စိုးရိမ်နေကြပါတယ်။

"မဖြစ်မနေဝင်ရရင် PDF ထဲဝင်မှာပေါ့။ ဘာလို့ သူတို့ထဲဝင်ရမှာလဲ" လို့ ညောင်ဦးမြို့နယ်က ဒေသခံနောက်တဦးက ပြောပါတယ်။

မန္တလေးတိုင်းနယ်စပ်နဲ့ ရှမ်းမြောက်ဒေသတို့မှာ ဇွန် ၂၅ ရက်ကတည်းက ၁၀၂၇ စစ်ဆင်ရေးကို ပြန်လည် စတင်ခဲ့တာဖြစ်ပြီး တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲ၊ နောင်ချိုနဲ့ မန္တ‌လေးတိုင်းက မိုးကုတ်၊ မတ္တရာ စတဲ့မြို့နယ်တွေကို ထိုးစစ်ဆင်နေကြတာဖြစ်ပါတယ်။

လက်ရှိမှာ မတ္တရာမြို့နယ်အတွင်းရှိ ပန်းသလဲတောင်စခန်း၊ ကျောက်ကြမ်းတောင်စခန်းနဲ့ ရေစိုတောင်စခန်း တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိထားပြီး (လကတ ၁၀၁၄) လေကြောင်းရန် ကာကွယ်ရေးတပ် အင်ကြင်းမြိုင်တပ်စခန်းကိုလည်း အပြီးသတ်ရရှိဖို့ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - MDY PDF က ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ထားပါ တယ်။

ပုံစာ - ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်အဖြစ် စုဆောင်းခံရသူများ။ (ဓါတ်ပုံ - စစ်ကောင်စီတယ်လီဂရမ်)

သတင်း - N၊ သတင်း - လင်းဇေ

#မြေလတ်အသံ

#မန္တလေးမြို့ #မတ္တရာမြို့နယ် ##စစ်ကောင်စီ #ရပ်ကွက် #အုပ်ချုပ်ရေးမှူး #စစ်မှုထမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10