စစ်မှုထမ်းသက် ၇ လသာရှိတဲ့ စစ်သား ၂ ဦး လက်နက်တွေနဲ့အလင်းဝင်

စစ်မှုထမ်းသက် ၇ လသာရှိတဲ့ စစ်သား ၂ ဦး လက်နက်တွေနဲ့အလင်းဝင်

မကွေးတိုင်း၊ ပခုက္ကူအခြေစိုက် ခလရ ၂၅၂ တပ်မှ စစ်မှုထမ်းလုပ်သက် ၇ လသာရှိသေးတဲ့ တပ်သား ၂ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ Southern YSO PDF အဖွဲ့ဆီက သိရပါတယ်။

အသက် ၂၀ နှစ်အရွယ် တပ်သားအောင်ဆန်းလင်း နဲ့ အသက် ၁၈ နှစ်အရွယ် တပ်သားအောင်သက်ပိုင်တို့ဟာ MA 1 ၁ လက်၊ ကျည်ဘောက် ၁ ခု၊ 5.56ကျည် ၂၅ တောင့် တို့နဲ့အတူ ဧပြီ ၅ ရက်မှာ အလင်းဝင်လာတာလို့ ဆိုပါတယ်။

"သူတို့က မိဘတွေရဲ့ဖိအား စကစအဖွဲ့တွေရဲ့ဖိအားကြောင့် တပ်ထဲရောက်ခဲ့တယ်။ အခြေခံ စစ်သင်တန်း ဆင်းထားတာတောင် မကြာသေးဘူး။ သင်တန်းတက်တာ၊ တပ်သားဖြစ်တာ စုစုပေါင်းမှ ၇ လပဲရှိသေးတယ်။ ‘စကစ လက်အောက်အမှုမထမ်းလိုတော့ဘူး။ အလင်းဝင်ချင်တယ်’ လို့ ဆက်သွယ်လာလို့ သွားရောက်ခေါ်ဆောင်လာခဲ့တာ"လို့ Southern YSO PDF အဖွဲ့ခေါင်းဆောင် ကိုမောင်စိန်ကပြောပါတယ်။

တပ်သား ၂ ဦးအတွက် လက်ရှိမှာ စုစုပေါင်းငွေကျပ်သိန်း ၆၀ ချီးမြှင့်ပေးထားတဲ့အပြင် စားဝတ်နေရေးအတွက် စီစဥ်ပေးပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ ထားရှိတယ်လို့ ဆိုပါတယ်။

အလင်းဝင်လာတဲ့ တပ်သားတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး စစ်ကောင်စီအဖွဲ့တွေကို ပြန်လည် တွန်းလှန်ချင်တယ်လို့ အဆိုပြုထားပေမယ့် အချိန်တခုရောက်မှ ပူးပေါင်းဆောင်ရွက်ခွင့်ပေးသွားမှာလို့လည်း ကိုမောင်စိန်က ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ရေစကြို Southern YSO PDF အဖွဲ့ဆီကို စစ်သား ၂ ဦး၊ ရဲ ၂ ဦး စုစုပေါင်း ၄ ဦးအထိ လက်နက်အပ် အလင်းဝင်ရောက်ထားတယ်လို့ ဆိုပါတယ်။ 

အလားတူ ဧပြီ ၅ ရက်မှာပဲ ခလရ  ၂၅၂ က တပ်သား စိုင်းခမ်းလီ ဆိုသူဟာ သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ အီနာဂါ ၁ ခု၊ ကျည် ၁၃၀ တောင့်နဲ့အတူ ရေစကြိုပကဖဆီကို အလင်းဝင်ရောက်ခဲ့သေးတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်သား #အလင်းဝင် #YSOPDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10