သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျောက်မှော်ရွာကို စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၈၉ နှစ်အရွယ် အဖွားအို ၁ ဦး လက် ၁ ဖက်ပြတ်တောက်ကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃ ရက် မနေ့ည ၁၀ နာရီခန့်က ကျောက်မှော်ရွာနဲ့ ၄ မိုင်ကျော်ဝေးတဲ့ အဆိုပါ စစ်မှုထမ်းဟောင်းကုန်းကနေ ၁၂၀ မမ လက်နက်ကြီး ၄ လုံးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ၃ လုံးက ကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
"လူတွေလည်း ဒဏ်ရာရကြပြီး နေအိမ် ၁ လုံး ပျက်စီးသွားတယ်။ အမိုးအကာပျက်စီးရုံ ထိခိုက်သွားတာကတော့ ၅ အိမ်လောက်ရှိတယ်။ လက်နက်ကြီးက ၃ လုံးကျလာတာ။ အိမ်တွေပေါ်တော့ မကျဘူး၊ မြေပြင်ပေါ်ကျတာနဲ့ သစ်ပင်တွေပေါ်ကျတာပေါ့။ နေ့ခင်းအလုပ်လုပ်နေချိန်ဆို ပိုပြီးအထိအခိုက်များမှာ၊ လူအိပ်ချိန် ပစ်ခံရတာမို့ တော်သေးတယ်။" လို့ ကျေးရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
လက်နက်ကြီး ထိမှန်လို့ ၈၉ နှစ်အရွယ် အဖွားအို ၁ ဦး ဘယ်ဘက်လက် အရင်းကနေပြတ်တောက်ဒဏ်ရာ၊ အသက် ၉၀ အရွယ် အဖိုးအိုကတော့ ပေါင်ထိမှန်ဒဏ်ရာနဲ့ အသက် ၃၀ကျော်အရွယ် အမျိုးသမီး ၂ ဦးကတော့ မစိုးရိမ်ရဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေကို နီးစပ်ရာ ဆေးပေးခန်းမှာ ကုသပေးနေတယ်လို့လည်း ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းဟာ မုံရွာမြို့တဖက်ကမ်း၊ ရွှေတောင်ဦးဘုရားကုန်းနားက အောင်ဇေယျမြို့သစ်ရပ်ကွက်မှာတည်ရှိပြီး ကိုယ်လက်အင်္ဂါပြတ်တောက်ထားတဲ့ စစ်သားတွေနဲ့ ပင်စင်ရစစ်မှုထမ်းဟောာင်းတွေနေထိုင်တဲ့ ဝန်ထမ်းအိမ်ယာတခုဖြစ်ပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိတာကြောင့် စိုးရိမ်နေရပြီး မြို့ပေါ်ကိုစစ်ရှောင်သွားရင်လည်း အဓမ္မစစ်သားစုဆောင်းတဲ့ အန္တရာယ်ကို ကြောက်နေရတယ်လို့ ကျောက်မှော်ကျေးရွာမှာရှိိတဲ့ နောက်ထပ်ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
"ဘာတိုက်ပွဲမှမရှိဘဲ ဒီလိုတွေပစ်နေတော့ စိတ်ကတော့ မလုံခြုံဘူးပေါ့။ အိပ်နေရင်းပဲ တခုခုဖြစ်သွားမလား၊ ဘုရားရှိခိုးရင်းပဲ လက်နတ်ကြီး ကျလာမလားနဲ့ စိုးရိမ်ရတယ်။ ရွာက တချို့လူတွေကတော့ မြို့ပေါ်မှာ ပြောင်းပြီး နေကြတာတွေရှိပေမယ့် လူငယ်တွေအတွက်လည်း ပေါ်တာဆွဲခံရမှာ ကြောက်ရသေးတယ်။” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ယင်းမာပင်မြို့နယ်မှာ ပြည်သူ ၈ ဦးထက်မနည်း သေဆုံးထားတယ်လို့ သိရပါတယ်။
သတင်း - ကျော်စွာ၊ စာတည်း - ချယ်ရီ
#မြေလတ်အသံ
#စစ်ကိုင်း #ယင်းမာပင် #လက်နက်ကြီး #အရပ်သား #ထိခိုက်ဒဏ်ရာရ
Share Share Share