စစ်မှုထမ်းဟောင်းကုန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရ

စစ်မှုထမ်းဟောင်းကုန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရကာ ၃ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက် ညနေ ၃ နာရီဝန်းကျင်က ဒရုန်း ၄ စီးနဲ့ ဗုံးသီး ၈ လုံးချကာတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ ဂိတ်စခန်း ၂ ခုပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"အောင်ဇေယျကုန်းရဲ့ ဂိတ် ၂ ခုကို တိုက်ခိုက်တာ။ အရှေ့ဘက် အနောက်ဘက် ၂ ဂိတ်လုံးပေါ် ကျတယ်။ အဲဒီလို ကျလို့လည်း အထိအခိုက်ရှိတာပါ။ သူတို့ဘက်က လက်နက်ကြီးနဲ့ ၂ ကြိမ်ပစ်တာ သိလိုက်တယ်။ တိုက်ပွဲအနီးဝန်းကျင်မှာ ကျပေမယ့် အထိအခိုက်ကတော့ မရှိပါဘူး။" လို့ ယင်းမာပင် ဗျူဟာ ၄၇ ရဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဆေးရေးဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့သလို ဒဏ်ရာရသူတွေကို မျက်မြင်တွေ့ခဲ့တဲ့ ဒေသခံတဦးကလည်း အတည်ပြုပါတယ်။

"အောင်ဇေယျကုန်းပေါ်က လမ်းမှာသွားနေရင်း ရှေ့မှာပစ်ခတ်နေလို့ ဆက်မသွားဖို့ ပြောတယ်။ သူတို့ဘက်က ထိခိုက်တဲ့လူ ၇ ယောက်ရှိတဲ့အကြောင်း ပြောပြတယ်။ Hijet ကားနဲ့ မုံရွာဘက်ကို ထိတဲ့စစ်သားတွေကို သယ်သွားတယ်။" လို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ဆေးရေးဂိတ်နားကို ရောက်နေတဲ့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ဗျူဟာ ၄၇၊ ယင်းမာပင်ဗျူဟာ ၄၅၊ B21 Force၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ NPDFနဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းဟာ  မုံရွာမြို့တဖက်ကမ်း၊ ရွှေတောင်ဦးဘုရားကုန်းနားက အောင်ဇေယျမြို့သစ်ရပ်ကွက်မှာ တည်ရှိပြီး ယခင်က ကိုယ်လက်အင်္ဂါ ပြတ်တောက်ထားတဲ့ စစ်သားတွေ၊ ပင်စင်ရ စစ်မှုထမ်း‌ဟောာင်းတွေ ‌နေထိုင်တဲ့ ဝန်ထမ်းအိမ်ယာ ၁ ခုဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်စခန်း ၁ ခု ဖြစ်လာခဲ့တာပါ။ 

အဆိုပါ စစ်မှုထမ်းဟောင်းကုန်းကနေ အရပ်သားပြည်သူတွေရှိရာကို မကြာခဏ လက်နက်ကြိီးနဲ့ ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးစ ထိမှန်လို့ အသက် ၈၉ နှစ်အရွယ် အဖွားအို ၁ ဦး လက် ၁ ဖက် ပြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇန်နဝါရီ ၁၇ ရက်က အောင်ဇေယျ စစ်မှုထမ်းဟောင်းကုန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရန်  ပြင်ဆင်နေကြစဉ်။

သတင်း - ကျော်စွာ၊ စာတည်း - ချယ်ရီ

#မြေလတ်အသံ 

#ယင်းမာပင် #လက်နက်ကြီး #စစ်မှုထမ်းဟောင်းကုန်း #စစ်ကောင်စီ #ဒဏ်ရာရ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10