စစ်မှုထမ်းအတွက် ညောင်ဦးဒေသခံ ၁၁ ဦးကို စစ်တပ်က နေအိမ်ထဲထိဝင်ဖမ်း၊ ၄ ဦးပြန်လွတ်

စစ်မှုထမ်းအတွက် ညောင်ဦးဒေသခံ ၁၁ ဦးကို စစ်တပ်က နေအိမ်ထဲထိဝင်ဖမ်း၊ ၄ ဦးပြန်လွတ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာနဲ့ ကြအူကျေးရွာက အမျိုးသား ၁၁ ဦးကို စစ်ကောင်စီတပ်သားတွေကဖမ်းဆီးပြီး အဲ့ဒီထဲက ၄ ဦးကိုတော့ပြန်လွှတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၁ ရက်မနက် ၅ နာရီခန့်ကစတင်ကာ စစ်ကောင်စီဘက်က အင်အား ၄၀ ခန့်ပါ ကား ၅ စီးနဲ့ လိုက်လံဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

"မနက်အစော ၅ နာရီလောက်ဆိုတော့ အချို့က အိပ်ယာထဲရှိသေးတယ်။ အချို့က အိမ်ရှေ့ငုတ်တုတ်ထိုင်နေချိန် ဖမ်းခံရတာ။ ဖမ်းခံရတဲ့ ၁၁ ယောက်မှာ လမ်းပေါ်မှာဖမ်းခံရသူက ၁ ယောက်ပဲပါတာ။ ကျန်တာက အချို့ကခြင်ထောင်ထဲနဲ့ အိမ်ထဲမှာချည်း ဆွဲ(ဖမ်း)ခံရတာ"လို့ ဒေသခံတဦးကပြောပါတယ်။

ကျောက်ပြင်ကန်ရွာဒေသခံတွေဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် ကိုဖိုးချစ်၊ ၂၈ နှစ်အရွယ် ကိုကိုမောင် အပါအဝင် အမျိုးသား ၅ ဦး၊ ရွာအပြင်ဘက်ရှိ အုတ်ဖိုလုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်သူ အမျိုးသား ၅ ဦးနဲ့ ကြအူရွာက အသက် ၃၀ အရွယ် ကိုအောင်ကိုဝင်း (ခ) အောင်လှိုင်ဖြိုးတို့ ဖမ်းဆီးခံခဲ့ရတာပါ။  

"ဒီအတိုင်းပဲ အိမ်ထဲဝင်လာပြီး အိမ်ထောင်စုဇယားပြပြဆိုပြီး အသက်ငယ်တဲ့သူတွေကို ရွေးဆွဲသွားတယ်။ အိမ်ထောင်စုဇယားစစ်မယ်ဆိုပြီး ဆွဲတာ။လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။

ကျောက်ပြင်ကန်ကျေးရွာက အမျိုးသားတွေကို နေအိမ်တွေထဲအထိ ဝင်ဖမ်းခဲ့တာဖြစ်ပြီး ကြအူရွာက ကိုအောင်ကိုဝင်းကတော့ စစ်ကောင်စီအဖွဲ့တွေနဲ့လမ်းမှာတွေ့ပြီး ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။ 

အဆိုပါအမျိုးသား ၁၁ ဦးကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံးထဲကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ကျောက်ပြင်ကန်ရွာဖမ်းဆီးမှုမှာပါဝင်လာတဲ့ အထက်တန်းကျောင်းသား ၃ ဦးနဲ့ အသက်ကြီးပိုင်းအမျိုးသား ၁ ဦးကို ဒီဇင်ဘာ ၁၂ ရက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ အထက်ပါဒေသခံက ပြောပါတယ်။ 

ဆက်လက်ဖမ်းဆီးထားသူတွေကို ဒီဇင်ဘာ ၁၃ ရက်မှာ ကျောက်ပန်းတောင်းမြို့ရှိ စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပို့ဆောင်ထားပြီး စစ်မှုထမ်းသင်တန်းတက်ဖို့ စောင့်ဆိုင်းနေကြရတယ်လို့ ဆိုပါတယ်။ 

ပြည်သူ့စစ်မှုထမ်းအပတ်စဥ် ၈ အတွက် စစ်ကောင်စီက ညောင်ဦးမြို့နယ်အတွင်း လူဦးရေ ၈၀ တောင်းခံထားပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တာဝန်ယူကာ လူမစုပေးနိုင်တော့တဲ့အတွက် အခုလိုလိုက်ဖမ်းနေတာလို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ နီးစပ်သူတွေဆီကတဆင့်သိရကြောင်း သူကဆက်ပြောပါတယ်။ 

ယခင်က ညောင်ဦးမြို့နယ်အတွင်းမှာ ယခုလိုနေအိမ်တွေထိတက်ပြီး စစ်မှုထမ်းဖမ်းဆီးတာမျိုးမရှိဘဲ ကျေးရွာချင်းဆက်လမ်း၊ ညောင်ဦး-ပုဂံသွားလမ်း၊ ပုဂံ-ပခုက္ကူသွားလမ်းတွေလောက်မှာသာ စောင့်ဆိုင်း ဖမ်းဆီးတာမျိုးတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဒီဇင်ဘာ ၁၃ ရက်ထိ ပြည်သူစုစုပေါင်း ၂၇,၈၇၂ ဦးကို စစ်ကောင်စီကဖမ်းဆီးခဲ့ပြီး အဲ့ဒီထဲက ၂၁,၃၀၂ ဦးကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း - AAPP ထုတ်ပြန်ထားပါတယ်။ 

ပုံစာ - ဧည်စာရင်းစစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ။ (ပုံဟောင်း) 

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #ညောင်ဦး #စစ်ကောင်စီ #ဖမ်းဆီး #စစ်မှုထမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10