စစ်မှုထမ်းဥပဒေကို ဆန့်ကျင်လာသူတွေပါဝင်တဲ့ PDF အခြေခံစစ်သင်တန်းဆင်းပွဲ

စစ်မှုထမ်းဥပဒေကို ဆန့်ကျင်လာသူတွေပါဝင်တဲ့ PDF အခြေခံစစ်သင်တန်းဆင်းပွဲ

မကွေးတိုင်းအတွင်းရှိ သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း ဌာနချုပ်မှာ အပတ်စဥ် ၆ စစ်သင်တန်းဆင်းပွဲကို ဇွန် ၁၂ ရက်ဒီမနက်ပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။ 

ဒီသင်တန်းမှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြေညာပြီးနောက်ပိုင်း တပ်ဖွဲ့ထဲရောက်လာတဲ့ လူငယ်တွေပါဝင်ပြီး အခုနှစ် ဧပြီလကစတင်ကာ ၂ လကြာ သင်တန်းပို့ချခဲ့တာလို့ ဆိုပါတယ်။ 

“ကျနော်တို့ ရဲဘော်၊ ရဲမေအင်အားကတော့ အပတ်စဉ် ၆ က လုပ်ခဲ့သမျှသင်တန်းထဲမှာ အများဆုံးပါ။ လူဦးရေ အနေအထားကတော့ အတိအကျတော့ပြောပြလို့မရပါဘူး။ စစ်ကောင်စီက စစ်မှုထမ်းဖို့ ကြေညာပြီးနောက်ပိုင်း စစ်မှုထမ်းဖို့ဟာကို ရှောင်ရှားလာပြီး ကျနော်တို့ PDF ထဲကိုဝင်လာတဲ့ သူတွေများပါတယ်။” လို့ အဲဒီအဖွဲ့ရဲ့ ဒုတပ်ရင်းမှူး ကိုမြတ်က ပြောပါတယ်။

သင်တန်းကာလအတွင်းမှာ ရဲဘော်တွေကို လက်နက်အဖြုတ်အတပ်၊ တကိုယ်ရည်ကြံ့ခိုင်မှု၊ လက်ရုံးရည် နှလုံးရည်ရှိဖို့နဲ့ တိုက်ခိုက်ရေးအခြေခံတွေကို ဘာသာရပ်အလိုက် သင်ပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီနေ့သင်တန်းဆင်းပွဲမှာတော့ တပ်ဖွဲ့တာဝန်ရှိသူတွေ၊ သင်တန်းနည်းပြတွေ၊ သင်တန်းသားတွေ၊ တပ်ရင်း ရဲဘော်တွေနဲ့ ပကဖ ပအဖ တာဝန်ရှိသူတချို့တက်ရောက်ခဲ့ပြီး ထူးချွန်သင်တန်းသားတွေကို လည်း စံပြဆု၊ ဇွဲဆုနဲ့ လက်ဖြောင့်ဆုတို့ကို ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #သရက် #သင်တန်းဆင်းပွဲ #စစ်မှုထမ်းဥပဒေ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10