စစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးခံရပြီး တပ်မ ၁၀၁ မှာ စစ်မှုထမ်းနေရသူတဦး လက်နက်၊ ခဲယမ်းတွေ ခိုးယူပြီး အလင်းဝင်လာ

စစ်မှုထမ်းဥပဒေနဲ့ဖမ်းဆီးခံရပြီး တပ်မ ၁၀၁ မှာ စစ်မှုထမ်းနေရသူတဦး လက်နက်၊ ခဲယမ်းတွေ ခိုးယူပြီး အလင်းဝင်လာ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး စက်တင်ဘာ ၆ ရက်က လက်နက်၊ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Burma Revolution Rangers အဖွဲ့ဆီက သိရပါတယ်။

အလင်းဝင်ရောက်လာသူမှာ တပ်မ ၁၀၁ က အသက် ၂၃ နှစ်အရွယ် တပ်သား ဝေလင်းအောင် ဖြစ်ပြီး ၎င်းဟာ ပခုက္ကူမြို့ပေါ်မှာဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်းဥပဒေနဲ့စစ်သားသစ်စုဆောင်းခံရကာ တပ်မ ၁၀၁ ကို ရောက်ရှိလာတာလို့ ဆိုပါတယ်။

“ သူက ပခုက္ကူမြိုခံပဲ။ ကျနော်တို့နဲ့က နဂိုကလည်း အသိမိတ်ဆွေတွေပါ။ သင်တန်းဆင်းတာလည်း မကြာသေးဘူး၊ ကိုယ်ပိုင်နံပါတ်တောင်မကျသေးဘူး။ ဂိတ်မှာကင်းကျနေတုန်း သူများ(စစ်ကောင်စီတပ်သား)သေနတ်ယူပြီး ပြေးလာတာ။ တပ်မ ၁၀၁ နဲ့ မလှမ်းမကမ်းအထိ သွားခေါ်ရတာ။" လို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။ 

တပ်သား ဝေလင်းအောင်ဟာ MA 3 သေနတ် ၁ လက်နဲ့ ကျည်ဘောက် ၁ ခု ၊ ၅.၅၆ မမ ကျည် ၂၀ တောင့်ကို ယူဆောင်လာနိုင်လို့ ၎င်းကို ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ 

Burma Revolution Rangers အဖွဲ့ဟာ မကွေးတိုင်း၊ ပခုက္ကူမြို့မြို့နယ်အခြေစိုက် တပ်ဖွဲ့တခုဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့မှာ အခုအလင်းဝင်လာတဲ့ တပ်သား ဝေလင်းအောင်ဟာ ပထမဆုံးအလင်းဝင်လာသူ ဖြစ်တယ်လို့လည်း သိရပါတယ်။ 

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #တပ်မ၁၀၁ #စစ်သား #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10