စစ်မှုမထမ်းမနေရဥပဒေကြောင့် ဝေါနယ်အတွင်း လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ

စစ်မှုမထမ်းမနေရဥပဒေကြောင့် ဝေါနယ်အတွင်း လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးမှု ပြဿနာ ရင်ဆိုင်နေရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်ထဲက ကျေးရွာတွေဘက်မှာ လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးတဲ့ ပြသနာ အဆိုးဝါးဆုံး ရင်ဆိုင်နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်ကောင်စီဘက်က အတည်ပြုထုတ်ပြန်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် စစ်မှုမထမ်းလိုတဲ့ ဒေသခံအများစုဟာ အခြားနိုင်ငံတွေကို ထွက်သွားကြတဲ့အပြင် လုပ်ငန်းခွင်အတွင်း ဖမ်းဆီးခံရမှာတွေကို စိုးရိမ်တာကြောင့် လုပ်သားငှားရမ်းလို့ မရဘဲ ရှားပါးလာတာလို့ ဆိုပါတယ်။

"အဲ့ဥပဒေလည်းထွက်လာပြီးရော လုပ်ငန်းခွင်ဝင်နေတဲ့ သူတွေတောင်မလုပ်တော့ဘဲ ထိုင်း သွားကုန်ပြီ။ PDF ထဲဝင်သွားတဲ့သူတွေလည်းရှိတယ်။ အရင်ကဆို “ပဲ” ခူးဖို့ အညာဘက်က လူတွေ ငှားလို့ရသေးတယ်။ ခုက ဘယ်လိုမှငှားမရဘူး"လို့ တောင်သူတဦးကပြောပါတယ်။

လက်ရှိအချိန်ဟာ နွေစပါးရိတ်သိမ်းချိန်၊ “ပဲ” ခူးချိန်ဖြစ်တာကြောင့် လုပ်သားငှားရမ်းမရလို့ အချို့တောင်သူတွေဆိုရင် ကလေးငယ်တွေပါမကျန် မိသားစုလိုက် လုပ်ကိုင်နေရသလို စက်အသုံးပြု ရိတ်သိမ်းနေရတာတွေလည်းရှိနေပါတယ်။

ဒါ့အပြင် မိုးစပါးစိုက်ပျိုးချိန်မှာလည်း လုပ်သားရရှိဖို့ခက်ခဲနိုင်တာကြောင့် လယ်ပိုင်ရှင်နဲ့ ယာခင်းပိုင်ရှင်တွေမှာ ကိုယ်တိုင်လုပ်နိုင်ရင်လုပ် မလုပ်နိုင်က စွန့်ပစ်ထားရမယ့် အခြေနေနဲ့ ကြုံလာနိုင်တယ်လို့ တောင်သူတဦးက သုံးသပ်ပါတယ်။

လက်ရှိမှာ လုပ်သားငှားရမ်းမရလို့ ပဲနဲ့ နွေစပါး အချိန်မှီမရိတ်သိမ်းနိုင်တာကြောင့် လေလွင့်ပျက်စီးတာတွေများနေသလို ကုန်ကျစရိတ်တွေလည်း များနေတာကြောင့် အကျိုးအမြတ် မကျန်ဘူးလို့ သိရပါတယ်။

လုပ်သားငှားရမ်းခမှာလည်း ယခင်က တနေ့လျင် ကျပ် ၈၀၀၀ ခန့်ပေးရပေမယ့် ယခု စစ်မှုမထမ်းမနေရ ဥပဒေအတည်ပြီးနောက်ပိုင်းမှာ ၁၂၀၀၀ ကျပ်ထိ ပေးပေမယ့် လုပ်ကိုင်သူမရှိသလောက် နည်းပါးသွားတယ်လို့လည်း ဆိုပါတယ်။

ဝေါမြို့နယ်မှာ ကျေးရွာအုပ်စု ၂၇ ခု၊ ကျေးရွာပေါင်း ၁၄၉ ရွာရှိပြီး ကျေးရွာအများစုမှာ ခုလို လုပ်သားရှားပါးမှု ပြဿနာဖြစ်နေတာလို့လည်း ဒေသခံတောင်သူတွေဆီက သိရပါတယ်။ 

စစ်မှုထမ်းဥပဒေမှာ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်ကြား အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိ မြန်မာနိုင်ငံသားများသည် မဖြစ်မနေစစ်မှုထမ်းရန်ဆင့်ခေါ်ခံရနိုင်ပါတယ်။ 

တတ်သိပညာရှင်ဖြစ်ပါက အမျိုးသမီးများ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား အမျိုးသား အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ခံရသူများသည် သာမန်ကာလမှာ အများဆုံး ၃ နှစ်စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ်ကာလမှာ အများဆုံး ၅ နှစ်စစ်မှုထမ်းရမယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ကြေငြာထားတာလည်း ဖြစ်ပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #လုပ်သားရှားပါး #စစ်မှုမထမ်းမနေရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10