စစ်မှုမထမ်းမနေရ ဥပဒေထောက်ခံပွဲမှာ စစ်ဘေးရှောင်တွေကိုပါ စစ်ကောင်စီက ဖိအားပေးလိုက်ခိုင်းခဲ့

စစ်မှုမထမ်းမနေရ ဥပဒေထောက်ခံပွဲမှာ စစ်ဘေးရှောင်တွေကိုပါ စစ်ကောင်စီက ဖိအားပေးလိုက်ခိုင်းခဲ့

ပဲခူးတိုင်း၊ တောင်ငူမြို့မှာ စစ်ကောင်စီထောက်ခံသူတွေပြုလုပ်တဲ့ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲမှာ စစ်ဘေးရှောင်တွေကို ဖိအားပေးခေါ်ယူ လိုက်ခိုင်းခဲ့တယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်မနက် ၉ နာရီခန့်က တောင်ငူမြို့၊ မိုင်ဒါကွင်းမှာ စစ်ကောင်စီက ဦးစီးပြီး လူအင်အား ၇၀၀ လောက်အသုံးပြုကာ စစ်မှုမထမ်းမနေရဥပဒေ ထောက်ခံပွဲပြုလုပ်ခဲ့ပါတယ်။ 

အဲ့ဒီထောက်ခံပွဲမှာပါဝင်ဖို့ ဇရပ်ကြီးကနေ တောင်ငူမြို့နယ်ဘက်မှာ စစ်ဘေးလာရှောင်နေသူတွေကို စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံပွဲလိုက်ဖို့နဲ့ မလိုက်သူတွေကို စစ်ဘေးရှောင်နေရာတွေမှာ နေခွင့်မပေးဘူးဆိုကာ ဖိအားပေးခေါ်ယူခဲ့တယ်လို့ ဆိုပါတယ်။

"အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးတွေ လိုက်ရတယ်။ မလိုက်ရင်မနေရဘူးဆိုတော့ ပြန်လို့လည်း မဖြစ်သေးတာရယ်ကြောင့် လိုက်သွားရတဲ့သူတွေရှိတယ်။ မြို့ကသူတွေက မလိုက်ကြတော့ စစ်ဘေးရှောင်တွေကို အသုံးချသွားတာ။ တပူပေါ်နှစ်ပူဆင့်ခဲ့ရတယ်"လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီဘက်က ဖိအားလာပေးလို့ စစ်ရှောင်စခန်းတခုလျှင် စစ်ဘေးရှောင် ၁၀ ဦးမှ ၂၀ ကျော်အထိ ထောက်ခံပွဲလိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီထောက်ခံပွဲလုပ်ခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တောင်ငူမြို့ရှိ ဘုန်းကြီးကျောင်း၊ ဘုရားစေတီဝန်း ၅၀ ခန့်မှာ စစ်ဘေးရှောင် ၅၀၀၀ ခန့် မှီခိုနေထိုင်နေရတာလည်း ဖြစ်ပါတယ်။ 

ဖေဖော်ဝါရီ ၇ ရက်မှာ ခလရ ၇၃၊ ဇရပ်ကြီးရဲစခန်း၊ မြို့ဆိုးတံတား စစ်ကောင်စီဂိတ်၊ နှစ်တန့်ကူတံတားနဲ့ ရေကြည်ချောင်းတံတားစစ်ဆေးရေးဂိတ်တွေကို KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

အဆိုပါတိုက်ပွဲဟာ ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းအထိဖြစ်ပွားခဲ့တာကြောင့် ဇရပ်ကြီးမြို့အပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်က ဒေသခံ ၁၀၀၀၀ ကျော်ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#တောင်ငူ #စစ်ကောင်စီ #စစ်မှုမထမ်းမနေရဥပဒေ #စစ်ဘေးရှောင် #ထောက်ခံပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10