စစ်ရေယာဉ် ၁၁ စီး တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိ (ရုပ်/သံ)

ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီအမြန်ရေယာဉ် ၁၁ စီးကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ ဆားလင်းကြီးမြို့နယ်အကြား ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Myanmar's Royal Dragon Army - MRDA ဆီက သိရပါတယ်။

စက်တင်ဘာလ ၂ ရက် မနေ့ညနေ ၃ နာရီလောက်မှာ လက်နက်ခဲယမ်းသယ်လာတယ်လို့ ယူဆရတဲ့ စစ်ကောင်စီရဲ့မော်တော်ရေယာဉ် ၁၁ စီးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ချင်းတွင်းမြစ်ကြောင်းတနေရာကနေ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးခဲ့တယ်လို့ Chindwin Fighter Group - CFG တာဝန်ခံက ပြောပါတယ်။

အလားတူ အဲ့ဒီချင်းတွင်းမြစ်ကြောင်းတိုက်ပွဲမှာပဲ Myanmar's Royal Dragon Army - MRDA အဖွဲ့လည်းပါဝင်ခဲ့ပြီး စစ်ကောင်စီ ရေယာဥ် ၁၁ စီးထဲက အဓိကကျတဲ့ ၂ စီးကို ကြားဖြတ်တိုက်ခိုက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ 

“တိုက်ပွဲချိန်က ၁ နာရီလောက်ကြာတယ်၊ သူတို့ဘက်က သင်္ဘောပျက်တော့ ကျနော်တို့တနေရာထဲကို ဖပစ်တာ ကတုတ်ကျင်းထဲကနေ ပြန်လည်ဆုတ်ခဲ့ရတယ်" လို့ Myanmar's Royal Dragon Army -MRDA တပ်ခွဲမှူး ဗိုလ်စေတန်က ပြောပါတယ်။

အဲဒီစစ်သင်္ဘောတွေပေါ်မှာ စစ်သားအင်အား ၃၀၀ နီးပါးပါပြီး MRDA အဖွဲ့က ပစ်လိုက်တဲ့ စစ်ရေယာဉ် ၂ စီးဟာ တိုက်ခိုက်ခံရပြီးနောက် အလုံဆိပ်ကမ်းဘက်ကို ကပ်သွားကာ အဲဒီဆိပ်ကမ်းကနေ ကားတွေနဲ့ သေဆုံးစစ်သား ၁၀ ဦးလောက်ကိုလည်း မုံရွာ နမခကို သယ်သွားကြောင်း မြေပြင်သတင်းပေးအရ သိရတယ်လို့ တပ်ခွဲမှူး ဗိုလ်စေတန်က ဆက်ပြောပါတယ်။

Myanmar's Royal Dragon Army-MRDA၊ မုံရွာခရိုင် တပ်ရင်း (၁၁) တပ်ခွဲ (၃) Royal Alliance၊ မုံရွာခရိုင်တပ်ရင်း (၁၀) တပ်ခွဲ (၂) Chindwin Fighter Group (C.F.G)၊ Framers Revolution Force -3 မုံရွာခရိုင်တပ်ရင်း (၁၀)၊ မုံရွာခရိုင် တပ်ရင်း (၉) တပ်ခွဲ (၃)၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army (BHA)၊ Salingyi Revolution Army (SRA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချင်းတွင်းမြစ် #စစ်ရေယာဉ် #တိုက်ခိုက်ခံရ #စစ်ကောင်စီ #ထိခိုက် #PDF #မြေလတ်အသံ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10