သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ရေးအခြေအနေတင်းမာနေတဲ့ မကွေးတိုင်း၊ စလင်းမြို့ပေါ်ကို စစ်ကောင်စီတပ်ဘက်က အင်အားဖြည့်ကာကွယ်မှုတွေလုပ်လာတယ်လို့ စလင်းမြို့နယ်ပကဖ တာဝန်ရှိသူထံက သိရပါတယ်။
အခုလ ဇန်နဝါရီ ၄ ရက်မှာ စလင်းပကဖ က စလင်း-ဆင်ဖြူကျွန်းကားလမ်းပိုင်းပေါ်မှာ စစ်ဆေးရေးလုပ်ခဲ့ပြီး နောက်တနေ့ ဇန်နဝါရီ ၅ ရက်မှာလည်း အလားတူ စစ်ဆေးရေးလုပ်ချိန်မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာ စစ်ကောင်စီတပ်ဘက်က မင်းဘူးအခြေစိုက် ခလရ ၈၈၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ အပါအဝင် ပျူစောထီး အင်အား ၁၀၀ ကျော် ဖြည့်တင်းတာတွေပြုလုပ်လာတယ်လို့ ဆိုပါတယ်။
"သူတို့ဘက်က အင်အားဖြည့်လာတာရှိတယ်။ အဓိက မြင်တာက ၈၈ တို့ ၁၀၁ တို့ ပါတယ်ပြောတယ်။ မနေ့က အင်အားဖြည့်တဲ့အထဲမှာ ပျူစောထီးတွေလည်းပါတယ်လို့ သိရတယ်။ ပျုစောထီးကတော့ဘယ်ရွာကဆိုတာ မသိရဘူး။ ကင်းပုန်းတွေ ယူတယ်။ မြို့ထဲဆိုရင်တော့ ကင်းပတ် ပတ်တာလောက်ရှိမယ်။"လို့ စလင်းမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဖြည့်တင်းထားတဲ့ အင်အားတွေနဲ့ စစ်ကောင်စီအဖွဲ့ဟာ မြို့တွင်း၊ မြို့ပြင်စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးတာ၊ မြို့ပြင်နေရာတွေမှာ ကင်းပုန်းချတာတွေရှိလာသလို မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်နေရာတွေက ဘန်ကာတွေကိုလည်း အခိုင်အမာဖြစ်အောင် ပြုပြင်တည်ဆောက်နေတာတွေရှိတယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၈ ရက်ထိ တိုက်ပွဲထပ်ဖြစ်တာမျိူးမရှိဘဲ ၂ ဖက်အခြေနေစောင့်ကြည့်နေကြပြီး ၂ ဖက် စစ်ရေးလှုပ်ရှားမှု မတွေ့ရဘူးလို့ မြို့ခံတွေက ပြောပါတယ်။
စလင်းမြို့တွင်း တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း စိုးရိမ်မှုရှိတဲ့မြို့ခံအချို့ကတော့ ဆွေမျိုးတွေရှိရာကို တိမ်းရှောင်နေကြတာတွေလည်းရှိတယ်လို့ မြို့ခံတဦးကပြောပါတယ်။
"မြိုခံတွေလည်း စိုးရိမ်မှုနဲ့အချို့တော့ မကွေးသွားနေတာကြားတယ်။ ပြောင်းကြတယ်ပေါ့ဗျာ။ လက်ရှိအနေထားအရတော့ သိပ်အဲ့လောက်ကြီး မဖြစ်နေဘူး။ ပြီးခဲ့တဲ့ ၅ ရက်နေ့ကလည်း မြို့နဲ့ ၁ မိုင်လောက်မှာဖြစ်တာ။ ပြေးတဲ့သူတွေကလည်း ကြိုတင်ပြီးတော့ ရှောင်ကြတာလည်းရှိမှာပါ။"လို့ မြို့ခံတဦးက ပြောပါတယ်။
စလင်းမြို့တွင်းမှာတော့ စစ်ကောင်စီဘက်က စစ်ဆေးတာမျိုးမရှိဘဲ ဒေသခံတွေလည်း ပုံမှန်အတိုင်း သွားလာနေကြသေးတယ်လို့ သိရပါတယ်။
စလင်းမြို့ပေါ်မှာ တိုက်ပွဲဖြစ်လာနိုင်တာကြောင့် စစ်ကောင်စီဘက်က လက်အောက်က ဌာနဆိုင်ရာတွေကို အရေးကြီးစာရွက်စာတမ်းတွေ ကြိုတင်ရွှေ့ပြောင်းထားဖို့၊ မိသားစုဝင်တွေရွှေ့ပြောင်းထားဖို့ ညွှန်ကြားထားလို့ ရဲနဲ့လဝက ဌာနတွေမှာတော့ မိသားစုဝင်တွေရွှေ့ပြောင်းတာ၊ အရေးကြီးစာရွက်စာတမ်းတွေ့ရွှေ့ပြောင်းနေတာကို သိထားရတယ်လို့ စလင်းမြို့နယ်ပကဖထံက သိရပါတယ်။
စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#မကွေး #စလင်း #စစ်ရေးတင်းမာ #သတင်း
Share Share Share