သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ဆင်ရေးတွေ ပိုပြင်းထန်လာမှာဖြစ်လို့ ထီးလင်းမြို့ပေါ်က အရပ်သားပြည်သူတွေအပါအဝင် စစ်အုပ်စုဘက်က လက်နက်ကိုင်အဖွဲ့တွေ ထီးလင်းမြို့ကို အမြန်ဆုံးစွန့်ခွာလာကြဖို့ ထီးလင်းမြို့နယ် ပအဖ ၂ ဖွဲ့က ပူးပေါင်းသတိပေးထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ပေါ် အရပ်သားတွေအပြင် အဓိကအားဖြင့် စစ်ကောင်စီလက်အောက်က စစ်သား၊ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို စစ်ကောင်စီအခြေစိုက်ရာ ထီးလင်းမြို့ကိုစွန့်ခွာပြီး NUG ရဲ့ စိုးမိုးနယ်မြေတွေကို ထွက်လာကြဖို့ သတိပေးထားတာပါ။
" အဆုံးအစွန်ထိဆိုရင် မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလာတဲ့ အနေအထားအထိ ရှိနိုင်တယ်။ မြို့သိမ်းတိုက်ပွဲတွေကြုံတဲ့အခါမှာ ပြည်သူတွေက ဘေးကြပ်နံကြပ်တွေဖြစ်မှာစိုးလို့ ကြိုတင်ပြီးတော့မှ ကျနော်တို့ဆီလာရောက်ဖို့ကမ်းလှမ်းတာဖြစ်တယ်။"လို့ ထီးလင်းမြို့နယ်အနောက်ခြမ်း ပအဖတာဝန်ခံ ကိုသန့်က ပြောပါတယ်။
အရပ်သားပြည်သူတွေအပြင် စစ်ကောင်စီလက်အောက်မှာ မနေလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပျူစောထီးတွေ လက်နက်ကိုင်အဖွဲ့တွေလည်း ချိတ်ဆက်ပြီး အလင်းဝင်စေချင်တယ်လို့ ကိုသန့်က ဆက်ပြောပါတယ်။
"အရင်ကလည်း ထွက်လာသူတွေရှိတယ်။ ကျနော်တို့ကနေ အချိန်ကာလတခုအထိ ခေါ်ယူစောင့်ရှောက်ပေးထားတယ် ထောက်ပံ့ပေးထားတယ်။ နောက်ပိုင်းမှာ သူတို့သွားလိုတဲ့နေရာကို သွားလို့ရတယ်။"လို့ ကိုသန့်က ပြောပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်အထိ ထွက်ခွာလာဖို့အချိန်ပေးထားပြီး သတ်မှတ်ကာလကျော်လွန်ပြီး စစ်ရေးအရမြို့ကို ဝင်ရောက်တဲ့အခါမှာ ထိခိုက်နိုင်တဲ့အတွက် ဂရုစိုက်နိုင်မယ့် အနေအထားမရှိတော့ဘူးလို့ ဆိုပါတယ်။
" လုံခြုံရေးအရ ထီးလင်းမြို့ပေါ်က ပြည်သူတွေ ထွက်ခဲ့ဖို့ခေါ်တာ အကြိမ်ကြိမ်ဖိတ်ခေါ်တဲ့ အနေအထားရှိတယ်။ ဒါဟာ ခုချိန်ကတော့ နောက်ဆုံးဖိတ်ခေါ်ခြင်းဖြစ်တယ်။" လို့ ထီးလင်းမြို့နယ်အနောက်ခြမ်း ပအဖတာဝန်ခံ ကိုသန့်က ပြောပါတယ်။
အခုထုတ်ပြန်ချက်ဟာ ပအဖကပဲ ထုတ်ပြန်တာမျိုး မဟုတ်ဘဲ တပ်ရင်းတပ်ဖွဲ့များနဲ့လည်း ပူးပေါင်းတိုင်ပင်ကာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ထီးလင်းမြို့ရဲ့အရှေ့တောင်ဘက် ၁ မိုင်ခန့်သာကွာတဲ့ စခန်းကြီးဇရပ်အနားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး၁ ဦးအပါအဝင် အလောင်း ၈ လောင်း၊ သုံ့ပန်း ၁ ဦးနဲ့ လက်နက်ငယ် ၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
သတင်း - Razor၊ စာတည်း - JCG
#မြေလတ်အသံ
#ထီးလင်း #မြို့သိမ်းတိုက်ပွဲ #စွန့်ခွာ #သတိပေး #ပအဖ
Share Share Share