သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ဇန်နဝါရီ ၂၃ ရက်ကတွေ့ဆုံဆွေးနွေးပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ PIO/PIA ကသတင်းထုတ်ပြန်ပါတယ်။
PIO/PIA အနေနဲ့ အခုနှစ် ၂၀၂၅ မှာ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး NUG အစိုးရနဲ့ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ဖို့အတွက် NUG မှ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
"တော်လှန်ရေးကာလအရ အရေးကြီးတဲ့ကာလရောက်နေပြီဖြစ်လို့ ရှေ့လုပ်ငန်းစဥ်တွေမှာ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေရှိတယ်ပေါ့နော်။ ဒီကာလတွေမှာ စစ်ရေးကို ပိုပြီးတော့ အချိတ်ဆက်မိမိလုပ်နိုင်ဖို့ သဘောတူညီချက်တွေရခဲ့တယ်” လို့ (PIO/PIA) ရဲ့ ဗဟိုကော်မတီဝင် ကိုမိုးနေလက ပြောပါတယ်။
ဒါ့အပြင် မြေပြင်မှာတော်လှန်ရေးတပ်ဖွဲ့တွေ ပိုမိုအားကောင်းလာတဲ့အတွက် ပြည်သူကိုဗဟိုပြုတဲ့၊ တော်လှန်ရေးကို အကျိုးပြုမယ့် အုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ ကိုမိုးနေလက ပြောပါတယ်။
အလားတူ အနာဂတ်ဖက်ဒရယ်တပ်မတော်တရပ်တည်ဆောက်ရေး ရည်မှန်းချက်တွေနဲ့ တော်လှန်ရေးကာလအတွင်း စစ်စည်းကမ်း၊ စစ်ကျင့်ဝတ်တွေကို လိုက်နာဖို့အတွက်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုလို NUG နဲ့ မြေပြင်မှာတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်ကို (PIO/PIA) မှစီစဥ်ပြီး သွားရောက်တွေ့ဆုံခဲ့တာလို့ ကိုမိုးနေလက ဆိုပါတယ်။
"ကျနော်တို့တပ် စတင်ပြီးတည်ထောင်ကတည်းက NUGနဲ့ အဆက်အသွယ်ရှိတယ်။ အဆက်အသွယ်ရှိတာက မြေပြင်မှာလုပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး၊ စစ်ရေးကဏ္ဍတွေ လုပ်နိုင်တဲ့ဟာတွေကို ပူးပေါင်းပြီး လုပ်ကိုင်နေတာရှိတယ်။ ဒါတွေကို လူထုအနေနဲ့ပိုမိုသိအောင်၊ရှင်းရှင်းလင်းသိအောင်သတင်း ထုတ်ပြန်ရတာပါ"လို့ သူကပြောပါတယ်။
ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO)/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ကို ၂၀၂၁ ဒီဇင်ဘာလမှာ အာရက္ခတပ်တော်(AA) ရဲ့အကူအညီနဲ့ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ PIO/PIA အနေနဲ့ ရခိုင်-မကွေး နယ်စပ်မှာ အခြေစိုက်သလို မြန်မာနိုင်ငံအလယ်ပိုင်းမှာလည်း တပ်တချို့ ဖြန့်ကျက်ထားနိုင်ပြီး ရခိုင်ပြည်နယ်တိုက်ပွဲတွေ၊ ၁၀၂၇ စစ်ဆင်ရေးနဲ့ မြေလတ်ဒေသက စစ်ဆင်ရေးတွေပါလည်း ပူးပေါင်းပါဝင်လှုပ်ရှားနေတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ရေး #ပူးပေါင်း #သဘောတူ #NUG #PIO/PIA
Share Share Share