စစ်ရေးလှုပ်ရှားမှုတွေစိပ်လာတဲ့ ပဲခူးတိုင်းမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို လက်နက်တွေ တပ်ဆင်ပေး

စစ်ရေးလှုပ်ရှားမှုတွေစိပ်လာတဲ့ ပဲခူးတိုင်းမှာ စစ်ကောင်စီက ပြည်သူ့စစ်တွေကို လက်နက်တွေ တပ်ဆင်ပေး

စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတဲ့ ပဲခူးတိုင်းအတွင်းက အဓိကကျတဲ့ တောင်ငူနဲ့ ပြည် တို့က တပ်နယ်တွေမှာ စစ်ကောင်စီက ပြည်သူ့စစ်(ဌာနေ)တွေကို စစ်လက်နက်တွေနဲ့ အခြားအရာတွေကို ပံ့ပိုးပေးခဲ့တယ်လို့ စစ်ကောင်စီကဝါဒဖြန့် ချန်နယ်တွေက တဆင့် ထုတ်ပြန်လာပါတယ်။ 

အဲ့ဒီလို လက်နက်တပ်ဆင်ပေးတဲ့ပွဲတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)က ဒုဗိုလ်ချုပ်ကြီး ကိုယ်တိုင်ဆင်းပြီး လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။

စစ်ကောင်စီတပ်က အရာရှိကြီးတွေကိုယ်တိုင် စက်တင်ဘာလ ၁၉ ရက်က လက်နက်တပ်ဆင်ပေးအပ်တဲ့ အခမ်းအနားကျင်းပခဲ့တာ ဖြစ်ပါတယ်။ 


တိုက်ပွဲတွေပြင်းထန်နေတဲ့ ပဲခူးတိုင်းအတွင်းမှာ အထိအခိုက်အကျအဆုံးများနေတဲ့ စစ်ကောင်စီတပ်က ပြည်သူ့စစ်တွေကို အခုလိုပွဲလုပ်ပြီး လက်နက်ပေးအပ်မှုတွေကို ပြုလုပ်လာတာဖြစ်ပါတယ်။

အဲဒီပွဲကို စစ်တပ်အကြီးပိုင်းတွေဖြစ်တဲ့ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပဲခူးတိုင်း၀န်ကြီးချုပ် မျိုးဆွေ၀င်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက် စတဲ့ ခေါင်းဆောင်ပိုင်းတွေကိုယ်တိုင် တက်ရောက်လာတာကို တွေ့ရပါတယ်။

"သူတို့တွေ (စကစ) တွေက နယ်မြေကိုပြန်စိုးမိုးနိုင်ဖို့ အသည်းအသန် စစ်ကြောင်းထိုးတာတွေ လုပ်နေတာ။ သူတို့ဘက်က ပျူတွေ၊ ပြည်သူ့စစ်တွေကို လိုက်စုပြီး အင်အားစုနေတာရှိတယ်လို့ သိရတယ်။ ဘယ်လိုလုပ်လုပ် တက်လာသမျှကို အသေတိုက်မှာပဲ"လို့ KNU စစ်ရေး သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။ 

စစ်ကောင်စီရဲ့တပ်စခန်းတွေဖြစ်တဲ့ မုန်းမြို့နယ်ထဲက သစ်ချဆိပ်စခန်းသိမ်းတိုက်ပွဲနဲ့ နတ်သံကွင်းတိုက်ပွဲ၊ တောင်ငူခရိုင်ထဲက ဆိပ်ဖူးတောင် စခန်းတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာအကျဆုံးများခဲ့ပြီး နယ်မြေစိုးမိုးမှု မရယူနိုင်သေးဘဲ ယခုလိုပြည်သူ့စစ်တွေကိုပါ ဖွဲ့စည်းလက်နက်တပ်ဆင်တာတွေ လုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်ရှစ်မြို့နယ်ထဲက PDFတွေရဲ့ ပစ်ခတ်ရှင်းလင်းမှုတွေကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှုးတွေ ကျန်းမာရေး အကြောင်းပြပြီး ၁၀၀ ကျော် နုတ်ထွက်ထားတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူး #ပြည် #တောင်ငူ #စစ်ကောင်စီ #ပြည်သူ့စစ် #လက်နက် #တပ်ဆင် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10