စစ်ရေးအရခရီးထွက်စဉ် ပိုင်ရှင်မသိဘဲ သီးနှံတွေချက်ပြုတ်စားခဲ့ရလို့ ငွေ ၁ သောင်း ထားခဲ့

စစ်ရေးအရခရီးထွက်စဉ် ပိုင်ရှင်မသိဘဲ သီးနှံတွေချက်ပြုတ်စားခဲ့ရလို့ ငွေ ၁ သောင်း ထားခဲ့

မကွေးတိုင်းအတွင်း အခြေပြုလှုပ်ရှားနေတဲ့ မင်းဘူးခရိုင်တပ်ရင်း ၄ က PDF ရဲဘော်တွေဟာ စစ်ကြောင်းထွက်ရင်း ယာခင်းတဲတခုမှာခေတ္တခိုနားကာ သီးနှံတွေချက်ပြုတ်စားသောက်ခဲ့ရလို့ ပိုင်ရှင်အတွက် ငွေကျပ် ၁ သောင်း ထားပေးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၁ ရက် မနေ့ကစတင်ကာ မင်းဘူးခရိုင်တပ်ရင်း ၄ ရဲ့ တပ်ခွဲတခွဲက လှုပ်ရှားနယ်မြေအတွင်း စစ်ရေးလိုအပ်ချက်အရ ခရီးသွားရောက်နေရတာဖြစ်ပြီး ယမန်နေ့ညက ယာခင်းတဲတခုမှာ ခေတ္တစခန်းချခဲ့ရာ ညစာအတွက် အသီးအရွက်တွေချက်ပြုတ်ခဲ့တာလို့ ဆိုပါတယ်။

“ မိုးတွင်းကာလဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေလို့ ရောက်ရမယ့်ခရီးကိုမရောက်လို့ ဝင်နားကြတာ။ ရဲဘော်တွေက မနက်စာနဲ့ နေ့လယ်စာမစားခဲ့ရဘူး။ စားစရာဘာမှပါမလာတဲ့အတွက် ယာခင်းရဲ့ဘေးမှာရှိတဲ့ ပြောင်းဖူး၊ ဖရုံရွက်၊ ငရုတ်သီးစိမ်းတွေ ချက်ပြုတ်စားသောက်ခဲ့တာ” လို့ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

ပိုင်ရှင်ရဲ့ခွင့်ပြုချက်မရဘဲ စိုက်ခင်းထဲက ပြည်သူပိုင်သီးနှံတွေကို ချက်ပြုတ်စားသောက်ခဲ့ရတာကြောင့် သီးနှံတွေရဲ့တန်ကြေးအတွက် ခန့်မှန်းပြီး ငွေ ၁ သောင်းကျပ်ကို အဖိုးအခ အဖြစ်ပေးဆောင်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

“ ပြည်သူကကျွေးမှ စားရပါတယ်၊ ပြည်သူတွေပေးရင် ယူပါတယ်။ အခုက ပြည်သူ့ရဲ့ခွင့်ပြုချက်၊ သဘောတူညီချက်မပါဘဲ ပြည်သူ့ကိုလည်းခွင့်ပြုချက်တောင်းဖို့အတွက် လူလည်းမရှိ၊ ဆက်သွယ်လို့လည်း မရတာဖြစ်တဲ့အတွက် လိုအပ်ချက်အရ ဒီလိုမျိုးချက်ပြုတ်စားသောက်ခဲ့တာပါ” လို့ အထက်ပါတာဝန်ခံက ဆိုပါတယ်။

ခေတ္တစခန်းချရာနေရာဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းမရတဲ့နေရာဖြစ်ပြီး ရဲဘော်တွေမှာလည်း ငွေအင်အားအလုံအလောက် မပါတာကြောင့်  ပိုက်ဆံ ၁ သောင်းကိုထားခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ် ။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#မကွေး #မင်းဘူးခရိုင်တပ်ရင်း၄ #ပြည်သူပိုင်ပစ္စည်း #စစ်ရေး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10