စစ်ရေးအရအရေးပါတဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းက ကင်းစခန်း ၅ ခုကိုတိုက်ခိုက်

စစ်ရေးအရအရေးပါတဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းက ကင်းစခန်း ၅ ခုကိုတိုက်ခိုက်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နဲ့ တောကျွဲအင်းကြားရှိ စစ်ကောင်စီကင်းစခန်း ၅ ခု တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသခွဲ ၂ တာဝန်ရှိသူတွေထံက သိရပါတယ်။

ဇန်နဝါရီ ၄ ရက် ဒီနေ့မနက် ၃ နာရီလောက်ကစတင်ပြီး ရန်ကုန်-မန္တလေးလမ်းဟောင်း ကညွတ်ကွင်းမြို့နဲ့ တောကျွဲအင်းမြို့ကြား ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီစခန်းအပါအဝင် နေရာ ၅ ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

"စစ်ရေးအရ အရေးပါတဲ့ ရန်သူရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရန်ကုန် မန္တလေး လမ်းဟောင်းကို ဖြတ်တောက်ဖို့ပါ။"လို့ တောင်ပိုင်းတိုင်စစ်ဒေသခွဲ ၂၊ ဒုစစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက ပြောပါတယ်။

ဂုန်းတဲကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်း ၅ ခုကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ စစ်သား ၂၀ ဦး သေဆုံးကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်သားသေဆုံးမှု အခြေအနေတွေက "မြေပြင်နဲ့ကိုက်တာ အရပ်သား တယောက်သေတယ်။ ကျနော်တို့ကြောင့်တော့မဟုတ်ဘူး။" လို့ တော်ဝင်ဒေါင်းစစ်ကြောင်းရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ လက်နက်ကြီးထိလို့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ပြီး ကညွတ်ကွင်းမြို့နဲ့ ကပ်လျက် ၁၄၂ မိုင်တံတားကို စစ်ရေးအရ မိုင်းခွဲဖျက််ဆီးခဲ့တယ်လို့ ရိုးမစစ်ကြောင်းဆီက သိရပါတယ်။

တိုက်ပွဲကို KNLA ကဦးဆောင်ကာ PDF စစ်ကြောင်းတွေနဲ့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီကင်းစခန်းအသီးသီးက စခန်းစွန့်ထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။

တိုက်ပွဲအခြေနေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့တွေဘက်က အသေးစိတ်အခြေနေကို သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

၂၀၂၃ ဒီဇင်ဘာ ၂၀ ရက် ညက ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ ဘုရားငါးဆူ ရဲကင်းစခန်း တိုက်ခိုက်ခံရလို့ ရဲ ၇ ဦး သေတယ်လို့်သိရပါတယ်။ 

စာတည်း - ဇို

#မြေလတ်အသံ

#အမြန်လမ်းဟောင်းတိုက်ပွဲ #ကညွတ်ကွင်း #သတင်း #တိုက်ပွဲသတင်း #KNLA #PDF #စစ်ကောင်စီ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10