သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ရေးအရှိန်မြှင့်ပြီဖြစ်တဲ့အကြောင်း အသိပေးတဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးကျည် အလုံးရေ ၁၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ်တပ်ရင်းများ ပြန်ကြားရေးတာဝန်ခံတဦးဆီက သိရပါတယ်။
ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးတွေကို Rocket၊ လက်နက်ကြီး၊ ဒရုန်းဗုံးသီး အလုံးရေ ၁၀၀ လောက်နဲ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကနေ နေ့လယ် ၂ နာရီလောက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ထီးလင်းရဲစခန်းထဲ လူပျိုဆောင်တွေ ထိမှန်ပျက်စီးတာရှိမယ်။ ထွေအုပ်ရုံးတွေ စိုက်ပျိုးရေးရုံးတွေ သေချာထိတယ်။ Target (ပစ်မှတ်)တွေ တော်တော်ထိရောက်ပါတယ်။"လို့ ထီးလင်းမြို့နယ်တပ်ရင်းများမှ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ထီးလင်းမြို့နယ်အခြေစိုက်တပ်ရင်း ၇ ခုပူပေါင်းထားတဲ့ ထီးလင်းမြို့နယ်တပ်ရင်းများ၊ ယောဗျူဟာနဲ့ ထီးလင်းပကဖတို့ ပူးပေါင်းကာ ၅ နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာပါ။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ စိုက်ပျိုးရေးရုံး၊ ဘဏ်၊ ထွေအုပ်ရုံး၊ မြို့မရဲစခန်း၊ ရုပ်သံကုန်း အစရှိတဲ့နေရာတွေကို အဓိကထားပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာတွေမှာ စစ်သား၊ ရဲနဲ့ ပျူစောထီး စုစုပေါင်းအင်အား ၂၀၀ ကျော်တပ်စွဲထားတာလို့ သိရပါတယ်။
စစ်ကောင်စီတက်ဘက်က ထိခိုက်သေဆုံးမှုကို ဆက်လက်စုံစမ်းနေပြီး တော်လှန်ရေးရဲဘော်တွေအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
စစ်ရေးအရှိန်မြှင့်တင်တော့မှာဖြစ်တဲ့အတွက် ထီးလင်းမြို့ပေါ်နေပြည်သူများ၊ စစ်ကောင်စီလက်အောက်ခံ တပ်သားများအနေနဲ့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထားပြီး မြို့ကိုစွန့်ခွာကြဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၅ ရက်က ထီးလင်းမြို့နယ်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကနေ ကြေညာခဲ့ပါတယ်။
ကြေညာပြီးနောက်ပိုင်း လက်နက်နဲ့တကွအလင်းဝင်လာသူတွေရှိသလို မိသားစုလိုက်ထွက်ခွာလာတဲ့ပြည်သူတွေလည်းရှိခဲ့ပြီး အခုနှစ်ဇန်နဝါရီ လဆန်းပိုင်းမှာ စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတင်း - Razor၊ စာတည်း - ဈာန်မြင့်
#မြေလတ်အသံ
#ထီးလင်း #စစ်ရေးအရှိန်မြှင့် #ပစ်ခတ် #စစ်ကောင်စီတပ်
Share Share Share