သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ရှောင်ပြည်သူတွေနေတဲ့ ကုက္ကိုလ်ရွာ ကျောင်းဝန်းထဲကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါ ၉ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၃၁ မနေ့ ညနေ ၅ နာရီကျော်ကနေ ၅ နာရီခွဲဝန်းကျင်ကြားမှာ မိတ္ထီလာကတက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုက ကျောင်းဝန်းအတွင်းက စစ်ရှောင်တွေရှိရာနေရာကို ကျရောက်ပေါက်ကွဲခဲ့တာပါ။
“ကလေးတွေရော ခြေပြတ် ခေါင်းပြတ်တွေရော၊ စစ်ရှောင်တွေ နေကြတဲ့နေရာကို ကျတာ၊ စစ်ရှောင်စခန်းကျတာက ဆိုးတာ အသေအပျောက်က၊ တချို့က အရင်ရက်ထဲက လေကြောင်းသတင်းရလို့ ရှောင်ကြတယ်။”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အောက် ကလေးငယ်တွေအပါအဝင် ၉ ဦး သေဆုံးတယ်လို့ ကနဦး အတည်ပြုထားပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးအများစု ပါဝင်ကာ ၃၀ ဝန်းကျင် ဒဏ်ရာရထားတယ်လို့ သိရပါတယ်။
သေဆုံးသူတွေရဲ့ အချက်အလက် အတိအကျကတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်မှာဖြစ်ပြီး အသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။
လေကြောင်းကြဲခံရတဲ့နေရာဟာ ပျူစောထီးအားကောင်းတဲ့ ဟံသာဝတီကျေးရွာနဲ့ အင်းကျွန်းကျေးရွာတွေကနေ ထွက်ပြေးလာတဲ့ပြည်သူတွေ နေထိုင်ရာနေရာတခုဖြစ်တယ်လို့ နောက်ထပ်ကလေးဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ အဆိုပါနေရာတွေမှာ အကြမ်းဖက်အုပ်စုတွေနေတာများတဲ့အတွက် လေကြောင်းထပ်ကြဲဖို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။
နယ်မြေခံ တာဝန်ရှိသူတွေက ဇန်နဝါရီ ၂၇ ရက်နေ့ထဲက လေကြောင်းအန္တရာယ်ရှိတဲ့အတွက် သတိထားနေဖို့၊ ပြည်သူတွေကို ရှောင်ရှားဖို့ ကြိုတင်အသိပေးမှုတွေ လုပ်ခဲ့ပေမယ့် မရှောင်တဲ့ပြည်သူတွေလည်းရှိနေတာကြောင့် လေကြောင်းအန္တရာယ် သတိပေးချက်တွေကို အလေးထားလိုက်နာပေးကြဖို့လည်း တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတဦးက သတိပေးထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ဇန်နဝါရီ ၃၁ တရက်အတွင်း မြေလတ်ဒေသက အင်းတော်၊ ကလေး၊ ဗန်းမောက်၊ ရွှေကျင်၊ စဥ့်ကူး၊ ငါန်းဇွန်၊ တောင်သာစတဲ့မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ်နဲ့ ဖောင်းပြင်မြို့နယ်စပ်က စစ်ဘေးရှောင်တွေ လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်တချို့ကို စစ်ကောင်စီတပ်ဖွဲ့တွေက လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ကလေး #စစ်ရှောင် #လေကြောင်း #ပြည်သူ #သေဆုံး #စစ်ကောင်စီ
Share Share Share