သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မနက် ၄ နာရီမထိုးမီ ချက်ပြုတ်ပြီးစီးဖို့ ကလေး ၂ ယောက်ရဲ့ မိခင် အသက် ၃၂ နှစ်အရွယ် မသီတာ*ဟာ အိပ်ယာကနေ အစောကြီးထလာပါတယ်။
အဲဒီနောက် သူဟာ အိမ်မှာရှိတဲ့ ဆန်အနည်းငယ်နဲ့ အသီးအရွက်တချို့ကို မိသားစု ၄ ယောက် စားလောက်အောင် ချက်ပြုတ်ပြီး မနက် ၄ နာရီ ၁၅ မိနစ် နောက်ဆုံးထားကာ မနက်စာကို စားသောက်လိုက်ကြပါတယ်။
အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ သူတို့ မိသားစုဟာ ရာမဇာန်လ ရက် ၃၀ အတွင်းမှာ ခုလို ထမင်းစားသောက်ပြီး နေဝင်သည်အထိ တနေ့လုံး ဘာမျှမစားမသောက်ဘဲ နေ့စဉ်ဥပုသ်စောင့်ခဲ့ကြတာပါ။
ဥပုသ်စောင့်တဲ့အခါ မိုးလင်းကနေ မိုးချုပ်အထိ ဘာမျှမစားဘဲနေနိုင်ဖို့ နေမထွက်မီ အာဟာရပြည့်ပြည့်နဲ့ ဝဝလင်လင်စားထားရမှာဖြစ်ပေမယ့် စစ်ရှောင်စခန်းကို ရောက်နေတဲ့ သူတို့ဟာ အာသာပြေရုံ ခြိုးခြံချွေတာ စားနေကြရပါတယ်။
“စစ်ရှောင်စခန်းဆိုတော့ ဥပုသ်သည်တွေကို အသားဟင်း မကျွေးနိုင်ဘူးလေ။ ပဲလေးချက်ပေးလိုက်၊ တခါတလေဆို အားပြတ်သွားမှာစိုးလို့ ကြက်ဥလေးဝယ်ကြော်ပေးလိုက်ပဲ လုပ်ရတယ်။” လို့ စစ်ရှောင်စခန်းမှာ ချက်ပြုတ်စားရပုံကို မသီတာက ပြောပြပါတယ်။
သူတို့ရဲ့ ရွာဟာ ရွှေဘိုမြို့နယ် မြို့လှကျေးရွာဖြစ်ပါတယ်။ ဒီရွာမှာ ဘိုးစဉ်ဘောင်ဆက် အစ္စလာမ်ဘာသာဝင်တွေ နေထိုင်ကြတာဖြစ်ပြီး အိမ်ခြေ ၂၄၇ အိမ်နဲ့ လူဦးရေ ၁,၀၀၀ ကျော်ရှိပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီး လက်နက်ကိုင် တိုက်ပွဲတွေပြင်းထန်လာချိန်မှာတော့ မြို့လှရွာရဲ့ ဘေးပတ်ချာလည်က ရွာတွေဖြစ်တဲ့ ဇီးဖြူကုန်း၊ သီးလုံး၊ တည်သီးတော၊ မြင်းစီး၊ ဆင်အင်း၊ ညောင်ကိုင်းနဲ့ ကူးတို့ဆိပ်စတဲ့ ရွာတွေမှာ အာဏာသိမ်းစစ်တပ်ကို အားပေးထောက်ခံတဲ့ ပျူစောထီးခေါ် ပြည်သူ့စစ်တွေ ကြီးစိုးလာပါတယ်။
အဲဒီရွာက ပျူစောထီးတွေဟာ မြို့လှရွာကိုဖြတ်ပြီး တရွာနဲ့တရွာ ကူးလူးသွားလာလေ့လည်း ရှိကြတယ်လို့ မြို့လှရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖခေါင်းဆောင် ဦးညိုက ပြောပါတယ်။
၂၀၂၄ ဖေဖော်ဝါရီ ၁ ရက်မှာ ဇီးဖြူကုန်းရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ခဲ့ပြီး နောက်တနေ့မှာ အစ္စလာမ်ဘာသာဝင်တွေနေတဲ့ မြို့လှရွာဟာ မီးရှို့ခံလိုက်ရပါတယ်။
ဒီအခါမှာ မြို့လှရွာသားတွေဟာ လက်သင့်ရာအထုပ်ကို ကမန်းကတန်းဆွဲကာ ရွာရဲ့ အဝေးကို ထွက်ပြေးကြပါတယ်။
သူတို့ထင်တာက ရွာကနေ ခဏပဲပြေးရမယ်လို့ ထင်ထားပေမယ့် နောက် ၅ ရက်အကြာ ဖေဖော်ဝါရီ ၇ ရက်မှာ ရွာဟာ နောက်ထပ်တကြိမ် မီးရှို့ခံခဲ့ရပြီးနောက် ရွာလုံးကျွတ်နီးပါး ပြာကျခဲ့တယ်လို့ ဦးညိုကပြောပါတယ်။
“ရွာမှာ သေနတ်တချက်မှ မဖောက်ဘဲ မီးရှို့သွားတာ။ ကလေးမွေးပြီး ၃ ရက်ရတဲ့ (ကလေးမွေးထားတာ ၃ ရက်ပဲရှိ သေးတဲ့ မိခင်) အမျိုးသမီးလေးတွေကအစ ပြေးရတယ်။ ကျမဆို ကလေး ၁ လနဲ့ ၁၇ ရက်လေးနဲ့ ပြေးခဲ့ရတာ။ သွေးနုသားနုနဲ့ ပြေးရတာ။ အဲ့နေ့ကစပြီး ကျမတို့တွေ ဒုက္ခပင်လယ်ဝေတာပဲ။” လို့ မသီတာက ငိုပြီး ပြောပါတယ်။
အခုဆို မြို့လှရွာသားတွေ စစ်ရှောင်စခန်းကို ရောက်နေတာ ၂ လကျော်ရှိနေပြီး ရွာထဲကို ပြန်ဖို့ အလားအလာ မရှိသေးပါဘူး။
မြို့လှရွာက ထွက်ပြေးလာတဲ့ ပြည်သူ ၈၀၀ ကျော်ဟာ ကံသာကုန်းမှာ ၅၆ စု၊ တည်ဘိုပင်မှာ ၆၈ စု ခွဲနေကြပါတယ်။ ထွက်ပြေးလာသူတွေကို ပအဖနဲ့ နယ်မြေခံကျေးရွာ တာဝန်ရှိသူတွေက တန်းလျားဆောက်ပေးပြီး တာဝန်ယူ ကူညီပေးနေရတယ်လို့ မြို့လှကျေးရွာ ပအဖ ခေါင်းဆောင်က ဆိုပါတယ်။
မသီတာတို့ရောက်နေတဲ့ ကံသာကုန်းရွာစခန်းမှာ ၅ ခန်းကနေ ၈ ခန်းအထိပါတဲ့ တန်းလျား ၄ ခု ရှိပြီး ထန်းလက်မိုး၊ ဝါးခင်းထားပါတယ်။ အခန်းတခုစီဟာ ၁၀ ပေပတ်လည်အကျယ်ရှိပြီး မိသားစုတစုစီ နေကြပါတယ်။
အခန်းလို့ဆိုပေမဲ့လည်း ပတ်ပတ်လည် ကာရံထားတာမဟုတ်ဘဲ အကန့်တခုနဲ့ တခုကြားမှာ သွပ်အဆွေးနဲ့ ပျဉ်ဟောင်းတချို့ကို ၂ ပေခန့်အမြင့်ထိ ကာရံပေးထားတာသာရှိပြီး အရှေ့နဲ့ အနောက်ကတော့ ဘာအကာအရံမျှ မရှိပါဘူး။
“ဖြစ်သလို ဖန်တီးလုပ်ကိုင်ကြရတာပေါ့၊ အသက်မသေရုံပဲ” လို့ မြို့လှ ကျေးရွာပအဖ တာဝန်ခံက ဒီစစ်ရှောင်စခန်းမှာ ရှင်သန်နေထိုင်ရသူတွေရဲ့ အခြေအအနေကို ပြောပြပါတယ်။
ဒါကြောင့်လည်း ရာမဇာန်ဥပုသ်ကာလမှာဆိုရင် အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ မြို့လှရွာက စစ်ရှောင်မိသားစုဝင် ၅၆ စုဟာလည်း ရှိသမျှရိက္ခာနဲ့ ခြိုးခြံစားသောက်ပြီး ဥပုသ်စောင့်နေကြရပါတယ်။
ကလေးအငယ် ၃ လသားကို နို့တိုက်နေရတဲ့ မသီတာဟာ ဥပုသ်မစောင့်ပေမယ့် သူ့အမျိုးသားနဲ့ ၁၀ နှစ် ကျော်အရွယ် သူ့သမီးကတော့ တနေကုန်အတွက် အသားဟင်းမပါတဲ့ ထမင်းတနပ်ကို ခြိုးခြံစားပြီး ဥပုသ်စောင့်ခဲ့ကြပါတယ်။
သူ့အမျိုးသားဟာ အဲဒီထမင်းတနပ်စားပြီး သူတို့နေထိုင်တဲ့ စစ်ရှောင်စခန်းမှာ အိမ်သာဆောက်၊ ရေတွင်းတူး၊ တဲဆောက်စတဲ့ လုပ်အားပေးအလုပ်တွေ ထွက်လုပ်ကြရပါတယ်။
ညနေ ၆ နာရီကျော် နေဝင်ခါနီး ဥပုသ်ဖြေချိန်မှာတော့ စစ်ရှောင်စခန်းက ကျွေးတဲ့ ၅၀ ကျပ်သားဝန်းကျင်ရှိတဲ့ ဆန်ပြုတ်ဟာ သူတို့တမိသားစုလုံးအတွက် ညစာ ဖြစ်ပါတယ်။
“ကျမတို့ဆို မိသားစု ၄ ယောက် မျှသောက်တော့ အတော်အသင့်တော့ ဖြေသာတာပေါ့၊ ဝဝလင်လင်ကြီးတော့ မစားရဘူးပေါ့” လို့ မသီတာက ပြောပါတယ်။
သူကိုယ်တိုင် အစာအဟာရနည်းနေလို့ ၃ လအရွယ် နို့စို့ကလေးကိုပါ ခွဲတမ်းကျရထားတဲ့ ဆန်ပြုတ်ထဲကနေ အနည်းငယ်မျှ တိုက်နေရတယ်လို့လည်း သူကပြောပါတယ်။
ဒီလိုအခြေအနေကြားထဲကပဲ စစ်ရှောင်စခန်းက အစ္စလာမ်ဘာသာဝင်တွေဟာ မတ် ၁၁ ရက်ကနေကျရောက်ခဲ့တဲ့ ရာမဇာန်ဥပုသ်ကာလကို ရက်ပေါင်း ၃၀ လုံး မပျက်အောင် ဥပုသ်စောင့်ခဲ့ကြတာပါ။
ပုံမှန်အားဖြင့် ဝါထွက်တဲ့ အိဒ်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေဟာ ဂျုံနဲ့ အမဲသားတို့လို အာဟာရပြည့်တဲ့ အစားအသောက်တွေ အလျှံပယ်ချက်ပြုတ် စားသောက်ကာ လှုဒါန်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ မသီတာတို့ရောက်နေတဲ့ စစ်ရှောင်စခန်းက ဥပုသ်ထွက်ပြီး ဝါဖြေကြတဲ့ အစ္စလာမ်ဘာသာဝင်တွေကတော့ ကိုယ်တိုင် ဝမ်းဝအောင်တောင် မနည်းစားနေရတဲ့ အခြေအနေဖြစ်နေကြရပါတယ်။
ဒီစခန်းမှာ ရွာခံစစ်ရှောင် ၇၀၀ လောက်လည်း အရင်ကတည်းက ရှိနှင့်နေတာကြောင့် အထောက်အပံ့တွေ အများကြီးလိုအပ်နေတယ်လို့လည်း မြို့လှကျေးရွာ ပအဖခေါင်းဆောင် ဦးညိုက ဆိုပါတယ်။
ဒီလူတွေအားလုံးကို ရွာဘုန်းကြီးကျောင်းမှာ ညနေစာအဖြစ် ဆန်ပြုတ်စုကျွေးရုံကလွဲပြီး တခြားမတတ်နိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့လည်း သူက ရှင်းပြပါတယ်။
အလှူရှင်က လာရောက်လှူဒါန်းတဲ့အတွက် ဆန်ရှိနေတဲ့သူတွေကတော့ “ကိုယ့်အိမ်မှာ မုန့်လေးတွေ ကြော်ကြတယ်” လို့ ပအဖခေါင်းဆောင် ဦးညိုက ပြောပါတယ်။
အစ္စလာမ်ဘာသာရေးဆရာတဦးက ဒီရွာတွေက အစ္စလာမ်ဘာသာဝင်တွေဟာ ကိုယ်ထူကိုယ်ထ စစ်ရှောင်စခန်းတွေကို ရောက်ကုန်ကြပြီး အလ္လာအရှင်မြတ်ရဲ့အမိန့်ကိုနာခံကာ ခက်ခဲကြမ်းတမ်းတဲ့ ဥပုသ်လတွေကို ဖြတ်သန်းခဲ့တာ အခုဆိုရင် ၃ နှစ်ရှိပြီလို့ ဆိုပါတယ်။
( မသီတာဟာ အမည်လွှဲဖြစ်ပါတယ် )
#မြေလတ်အသံ
#ဆောင်းပါး #စစ်ရှောင် #အစ္စလာမ် #ရာမဇာန်ဥပုသ် #အာဟာရ
Share Share Share