စစ်ရှောင်ရာကနေ အိမ်အခြေအနေပြန်ကြည့်တဲ့ အမျိုးသမီး မိုင်းထိလို့သေဆုံး

စစ်ရှောင်ရာကနေ အိမ်အခြေအနေပြန်ကြည့်တဲ့ အမျိုးသမီး မိုင်းထိလို့သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ ဒိုးတန်းကျေးရွာမှာ စစ်ရှောင်နေရာကနေ အိမ်အခြေအနေ ပြန်ကြည့်တဲ့ အမျိုးသမီး မိုင်းထိလို့ သေဆုံးတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၂၅ ရက် မနက်ပိုင်းမှာ ဒိုးတန်းကျေးရွာနေ ဒေါ်နှင်းရီ အသက် ၅၀ နှစ်ခန့်ဟာ စစ်ရှောင်နေတဲ့ ဇရပ်ကြီးမြို့ကနေ ဒိုးတန်းကျေးရွာကို ခေတ္တပြန်ချိန်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"အိမ်အခြေအနေ ပြန်ကြည့်မယ်ဆိုပြီး ပြန်သွားရာကနေ ရွာအရောက်မှာ မိုင်းထိသွားတဲ့အခြေအနေပဲ သိရ တယ်။ ရွာတွေထဲမှာ မိုင်းတွေ ထောင်ထားတယ်ဆိုတာ သတင်းရလို့ ရွာသားအချင်းချင်းက မပြန်ကြဖို့ တယောက်နဲ့ တယောက်အသိပေးထားကြတာ။" လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိတဲ့အမျိုးသမီးဟာ ဒဏ်ရာပြင်းထန်ရပြီးနောက် တောင်ငူဆေးရုံကို ပို့ဆောင်ချိန်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ကျေးရွာတွေမှာ ထောင်ထားတဲ့မိုင်းတွေက ဘယ်အဖွဲ့တွေဘက်ကထောင်ထားတယ်ဆိုတာ အတိအကျပြောဆိုဖို့ ခက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တိုက်ပွဲကြောင့် စစ်ရှောင်နေရတဲ ကင်မွန်းခြုံ၊ ဒိုးတန်း၊ ပုဂံကွဲ၊ ရွှေပုဂံ၊ ရှမ်းစုရွာတွေထဲမှာ မြေမြှုပ်မိုင်းတွေရှိနေတာကြောင့် ဒေသခံတွေက နေရပ်မပြန်ရဲကြသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။

လတ်တလောမှာတော့ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားတာမျိုးမရှိပေမယ့် နှစ်ဖက်စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကင်မွန်းခြုံကျေးရွာအနီးနဲ့ ခလရ ၇၃ အနီးမှာ ဩဂုတ် ၉ ရက်ကစပြီး တိုက်ပွဲတွေဖြစ်နေလို့ ကင်မွန်းခြုံ၊ ဒိုးတန်း၊ ရွှေပုဂံ၊ ပုဂံကွဲ၊ ဒါးဒေါက်အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံ ၄,၀၀၀ ထက်မနည်းထွက်ပြေးနေရပြီး ဩဂုတ် ၂၆ ရက်ထိ နေရပ်မပြန်ရဲကြသေးပါဘူး။

တိုက်ပွဲကာလအတွင်း လက်နက်ကြီးတွေကြောင့် ကင်မွန်းခြုံနဲ့ ရွှေပုဂံကျေးရွာတွေက ဒေသခံတွေ ၅ ဦးခန့် သေဆုံးထားသလို အမျိုးသား ၁ ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံထားရကာ ဒဏ်ရာရသူတွေလည်းရှိနေခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - မိုင်းထိ သေဆုံးခဲ့သည့် အမျိုးသမီး။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ထန်းတပင်မြို့ #ဇရပ်ကြီးမြို့ #ဒိုးတန်းကျေးရွာ #စစ်ရှောင် #အမျိုးသမီး #မိုင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10