စစ်ရှောင် အိမ်ထောင်စု ၆၀၀ ကျော်ကို စားနပ်ရိက္ခာနဲ့ တဲအိမ်အချို့ဆောက်လုပ်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က စစ်ဘေးရှောင်တွေကို ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က စားနပ်ရိက္ခာထောက်ပံ့လှူဒါန်းတာနဲ့ နေထိုင်ဖို့ တဲအိမ်တွေကို ဆောက်လုပ်ပေးနေတယ်လို့ အဲ့ဒီအဖွဲ့ တာဝန်ခံက ပြောပါတယ်။

မြို့နယ်အတွင်းမှာ နေရပ်ကို မပြန်နိုင်သေးဘဲ အမြဲတမ်း စစ်ရှောင်နေရတဲ့ အိမ်ထောင်စု ၆၀၀ ကျော်ရှိပြီး တအိမ်ထောင်ကို ဆန် ၆ ပြည်၊ ဆီ ၅၀ သားနဲ့ ပိုက်ဆံ ၁ သောင်းကျပ်စီ ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ခံက ပြောပါတယ်။

စစ်ရှောင်တွေကို ပထမအကြိမ်စားနပ်ရိက္ခာလှူဒါန်းမှုက ဧပြီလ အတွင်းမှာဖြစ်ပြီး အခု ဒုတိယအကြိမ်ကိုတော့ စက်တင်ဘာ ၂၅ ရက်မှာလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရှောင်တွေထဲက နေထိုင်စရာလုံးဝအခက်အခဲရှိနေတဲ့ အိမ်ထောင်စုတွေကိုလည်း တဲအိမ်တလုံးစီ ဆောက်လုပ်ပေးနိုင်ဖို့ကို စတင်အကောင်အထည်ဖော်နေပြီး လက်ရှိမှာ တဲအိမ် ၄လုံးဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ပါတယ်။ တဲအိမ်တလုံးရဲ့ကုန်ကျစရိတ်ကတော့ ၂ သိန်းခွဲရှိတယ်လို့ ဆိုပါတယ်။

အခုလို စစ်ရှောင်တွေကို စားနပ်ရိက္ခာထောက်ပံ့ လှူဒါန်းတာ၊ အညာတဲအိမ်တွေဆောက်လုပ်ပေးနေတာတွေကို ပြည်တွင်း၊ ပြည်ပက လှူဒါန်းပေးကြတဲ့ အလှူရှင်တွေရဲ့ငွေကြေးအပြင် ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ခွဲတမ်းနဲ့ လှူဒါန်းပေးနေတာဖြစ်ပါတယ်။

ကူညီထောက်ပံ့ပေးနေရတဲ့ စစ်ရှောင်တွေကတော့ ရွှေဘိုမြို့နယ်ကနေ ဒီပဲယင်းမြို့နယ်ကို လာရောက်စစ်ရှောင်နေကြတဲ့ ဒေသခံတွေနဲ့ ဒီပဲယင်းမြို့နယ် စိုင်ပြင်ကျေးရွာက ဒေသခံတွေဖြစ်ကြပြီး ၎င်းတို့ဟာ မြို့ပေါ်နဲ့မြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ နေရပ်မပြန်နိုင်သေးဘဲ ခိုလှုံနေကြရတာဖြစ်တယ်လို့ သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#စစ်ရှောင်သတင်း #ဒီပဲယင်းစစ်ရှောင် #ရုပ်သံသတင်း #စစ်ကိုင်းတိုင်း #စားနပ်ရိက္ခာ #တဲ #လှူဒါန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10