စစ်သင်တန်းပေးဖို့သွားတဲ့ ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

စစ်သင်တန်းပေးဖို့သွားတဲ့ ကြံ့ခိုင်ရေးပါတီဝင်ပျူစောထီးခေါင်းဆောင် သေနတ်ပစ်ခံရပြီး သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကြယ်နီကုန်းကျေးရွာနဲ့ စစ်ကောင်စီ ခမရ ၆ တပ်ရင်းအကြားမှာ  ကြယ်နီကုန်းရွာပျူစောထီးခေါင်းဆောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ အုတ်ဖိုထံက သိရပါတယ်။

အသတ်ခံရသူဟာ အသက် ၅၃ နှစ်အရွယ် ကြယ်နီကုန်းရွာကြံ့ခိုင်ရေးပါတီ ဒုဥက္ကဌ ဒေသပျူစောထီး ခေါင်းဆောင် ဦးအောင်ဝင်း ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂ ရက် ဒီနေ့ မနက် ၅ နာရီကျော်မှာ ကြယ်နီကုန်းကျေးရွာကနေ ပျူစောထီးသင်တန်းပေးဖို့ ထွက်ခွာလာချိန် သေနတ်နဲ့ ၇ ချက်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

“ သူ့ကိုဆက်မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးပေမယ့် မလိုက်နာလို့ အနီးကပ်ပစ်ခတ် ရှင်းလင်းခဲ့တယ်" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ -အုတ်ဖို တပ်ဖွဲ့တာဝန်ခံ ဗိုလ်တောက်တဲ့က ပြောပါတယ်။

ကြယ်နီကုန်းကျေးရွာ ရာအိမ်မှူးလည်းဖြစ်တဲ့ ဦးအောင်ဝင်းဟာ အုတ်ဖို၊ တိမ်မြှုပ်အခြေစိုက် ခမရ ၆ တပ်ရင်းထဲမှာ စစ်သင်တန်းပေးဖို့ သွားရောက်နေသူဖြစ်ပြီး ကျေးရွာပြည်သူတွေအပေါ် ခြိမ်းခြောက်အကြပ်ကိုင်တာနဲ့ ပျူစောထီးသင်တန်း ဖိအားပေးတက်ရောက်ခိုင်းတာတွေရှိတယ်လို့ဆိုပါတယ်။ 

သေနတ်နဲ့အနီးကပ်ပစ်ခံရလို့ ဦးအောင်ဝင်းမှာ ဦးခေါင်း၊ လက်နဲ့ ခန္ဓာကိုယ်တွေမှာ ကျည်ထိဒဏ်ရာတွေ နဲ့ သေဆုံးသွားကာ မနက် ၈ နာရီခန့်မှာ စစ်ကောင်စီဘက်က ကား ၂ စီးနဲ့ရောက်လာပြီး အလောင်း စစ်ဆေးကာ ကောက်ယူသွားတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၆ ရက်နေ့ မနက်ပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ဂွေ့ချောင်းရွာကြံခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးမျိုးဇော်အောင် နေအိမ်မှာရှိနေချိန် ပစ်သတ်ခံရလို့ သေဆုံးသွားသေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #ပျူစောထီး #ကြံ့ခိုင်ရေးပါတီဝင် #အသတ်ခံရ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10