စစ်သင်္ဘော ၂ စီး ချင်းတွင်းမြစ်အတွင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ ဆင်ဖြူရှင်တံတားကနေ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၅၀ ပါ စစ်သင်္ဘော ၂ စီးကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂၁ ရက် ဒီနေ့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ စစ်သင်္ဘော ၂ စီးကို ဆားလင်းကြီးမြို့အပိုင် ချင်းတွင်းမြစ်ကြောင်းတနေရာကနေ မိနစ် ၂၀ အကြာ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးမှုနဲ့ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ Chindwin Dynamice (Salingyi) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဒီမိုကရေစီသရဲလေးက ပြောပါတယ်။

"စစ်သင်္ဘောက ဧရာဝတီမြစ်ဘက်ကနေ ချင်းတွင်းမြစ်‌ကြောင်းဘက်ကိုဆန်လာတာ၊ ၁၉ ရက်နေ့က စဆန်လာတာ၊၂၀ ရက်နေ့မှာ ပခုက္ကူ ဆင်ဖြူရှင်တံတာမှာညအိပ်တယ်၊ ၂၁ ရက်မှာ ချင်းတွင်းမြစ်ကြောင်းအောက်ဘက်ကို ဆန်လာပြီး ဆားလင်းကြီးမြို့နယ်အနီးအနားတဝိုက်မှာ ရောက်ရှိလာတော့ ကျနော်တို့တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းပြီးပစ်တာ" လို့ တာဝန်ခံ ဒီမိုကရေစီသရဲလေးက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ဆည်တွေမှာအသုံးပြုတဲ့ ပိုက်လုံးကြီးကို ရှေ့ထွက်ပြောင်းလုပ်ကာ ၁၀ လုံးပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

"ကျနော်တို့ဆွဲလိုက်တဲ့ ရှေ့ထွက်မိုင်းက စစ်သင်္ဘောတည့်တည့်ကိုမှန်တာ၊ ဆွဲပြီးတဲ့အချိန်မှာ စစ်သင်္ဘောကရပ်သွားတယ်၊ သူတို့ဘက်ကလည်း စက်ခလေး ငါးကြင်းမှီးပွိုင့်ဖိုက် လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်"လို့ သူက ဆက်ပြောပါတယ်။

စစ်သင်္ဘော ၂ စီးပေါ်မှာ အင်အား ၅၀ နီးပါးပါပြီး ထိခိုက်သေဆုံးမှုကတော့ စုံစမ်းနေတုန်းနေဆဲဖြစ်ကာ မုံရွာမြို့ မင်းဒေါင့်ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၃၅၊ တပ်ခွဲ ၃ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)  Fighter Nine Forces (Salingyi)BNRA တပ်ရင်း ၃၊ တပ်ခွဲ ၃ Royal Brother (မျက်လုံးစစ်ကြောင်း) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဆားလင်းကြီး #ချင်းတွင်းမြစ်ကြောင်း #စစ်သင်္ဘော၂စီး #ပစ်ခတ်ခံရ #ရှေ့ထွက်ပြောင်း #လက်နက်ကြီး #ထိခိုက် #စစ်အုပ်စု #PDF #မြေလတ်သတင်း မြေလတ်ရုပ်သံ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10