စစ်သင်္ဘော ၇ စီး ၂ ရက်ဆက် တိုက်ခိုက်ခံရလို့ ၃ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က ချင်းတွင်းမြစ်ထဲ သွားလာနေတဲ့ စစ်သင်္ဘော ၇ စီးကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၁၁၊ ၁၂ ရက်တို့မှာ ၂ ရက် ဆက်တိုက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁ နာရီကျော်မှာ မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းကနေ ဟုမ္မလင်းမြို့နယ်ဘက်ကို လက်နက်၊ ရိက္ခာတွေပို့ဖို့ ထွက်ခွာလာချိန် ကနီမြို့ နယ်ထဲအရောက်မှာ တကြိမ်၊ ၁၂ ရက် မနက် ၆ နာရီကျော်မှာ တကြိမ် စုစုပေါင်း ၂ ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

"ပထအကြိမ်တိုက်ခိုက်မှုမှာ သင်္ဘောတစီးကို လက်နက်ကြီးထိမှန်ပေါက်ကွဲခဲ့ပေမယ့် မီးလောင်ကျွမ်းမှု မရှိခဲ့သလို ထိခိုက်သေဆုံးမှု အခြေအနေကိုလည်း မသိရှိခဲ့ရဘူး"လို့ ချိုးငှက်ပျောက်ကြားတပ်ဖွဲ့-ကနီ အဖွဲ့ခေါင်းဆောင် ဗိုလ်မုဆိုးက ပြောပါတယ်။

ဒုတိယအကြိမ်တိုက်ခိုက်မှုမှာတော့ သင်္ဘောနဲ့ မီတာ ၃၀၀ အကွာကနေ လက်နက်ငယ်တွေအပါအဝင် စနိုက်ဘာနဲ့ပါ မိနစ် ၃၀ ခန့်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာ KLG PDF ပြန်ကြားရေး AT က ပြောပါတယ်။

"တိုက်ပွဲကြာချိန်က နာရီဝတ်လောက်ပဲကြာတယ်။ ပစ်ကွင်းနေရာက သူတို့နဲ့ မီတာ ၃၀၀ လောက်ပဲဝေးမယ်။ ကျနော်တို့က စနိုက်ဘာကို အဓိကသုံးတာ။ သူတို့ဘက်က ၃ ကောင်သေတယ်။ ၃ ကောင်သေတယ်ဆိုတာ သူတို့အိုက်ကွန်ကနေ ပြောသံကြားရလို့ အတည်ပြုနိုင်တာပါ" လို့  ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကိုတော့ ယင်းမာပင်ခရိုင် တပ်ရင်း 21/22/23 KLG PDF (ကျောက်လုံးကြီး)အဖွဲ့ ၊ နယ်မြေခံပကဖအဖွဲ့၊ ချိုးငှက်ပျောက်ကြားတပ်ဖွဲ့-ကနီ၊ STRA အဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကနီ #စစ်သင်္ဘော #တိုက်ခိုက်ခံရ #စစ်ကောင်စီ #ထိခိုက် #PDF #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10