သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်က စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေသိမ်းယူထားတဲ့ မဒေါင်ရွာကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည်သိမ်းယူခဲ့တယ်လို့ မြေပြင်တိုက်ခိုက်ရေးမှာ ပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
ကျေးရွာဘုန်းကြီးကျောင်းဝန်းနဲ့ ရွာထဲမှာအထိုင်ချတပ်စွဲထားတဲ့ စစ်တပ်နဲ့ပျူ အင်အား ၁၀၀ ခန့်ကို ဒီဇင်ဘာ ၁၃ ရက်မနက် ၅ နာရီခန့်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စတင် ဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မှု ၃ နာရီခန့် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
"မနက် ၄ နာရီလောက်ကတည်းက ရွာနားကိုဝင်ကပ်ထားတာ။ အာရုဏ်တက်ချိန်လောက်မှ ဝင်လုံးပြီး ပြန်လည် သိမ်းယူထားတာ။ ထိတွေ့မှုက အသေးစားတွေရော အကြီးစားတွေရောဖြစ်တယ်။ သူတို့ ပြန်ဆုတ်သွားပြီး ဒရုန်းတွေနဲ့ပြန်ချတာတွေရှိတယ်။"လို့ အထက်ပါဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁ ဦးသေဆုံးပြီး သေနတ်အချို့နဲ့ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရရှိပြီး သိမ်းဆည်းရမိပစ္စည်းတွေနဲ့ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကတော့ မဒေါင်ရွာနဲ့ ၁ မိုင်ခွဲအကွာရှိ လွှတ်တိုက်ကျေးရွာကိုဆုတ်ခွာပြီး ဒီဇင်ဘာ ၁၅ ရက်ဒီမနက်အထိ အဲ့ဒီကျေးရွာမှာရှိနေကာ နှစ်ဖက်စစ်ရေး အခြေအနေလည်းတင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
အခုနှစ် နိုဝင်ဘာလတတိယပတ်အတွင်းထိ မဒေါင်းကျေးရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ စိုးမိုးထားနိုင်ခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်မှာ စစ်ကြောင်းထိုးတဲ့ စစ်သားနဲ့ပျူစောထီးအင်အား ၂၀၀ ခန့်နဲ့ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ချိန် အင်အားမမျှတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရွာက ဆုတ်ခွာခဲ့ရပြီး အဲ့ဒီနောက်မှာ စစ်ကောင်စီက ကျေးရွာမှာအထိုင်ချတပ်စွဲနေခဲ့တာလို့ သူက ဆက်ပြောပါတယ်။
အင်အား ၁၀၀ ဝန်းကျင်က မဒေါင်ရွာမှာအထိုင်ချပြီး ကျန်အင်အားတွေကတော့ ကုက္ကိုကုန်းရွာ တိုက်နယ်ဆေးရုံ၊ မြဘုံသာရွာတို့မှာ ဖြန့်ကျက်တပ်စွဲနေခဲ့ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က တပ်စွဲနေချိန်အတွင်း ရွာထဲကနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးထားကာ ရွာထဲကိုဝင်ရောက်ချိန်မှာတော့ နေအိမ် ၁၅၀ ကျော်မီးလောင်ပျက်စီးနေတာကို တွေ့ရတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပြပါတယ်။
မဒေါင်ရွာဟာ ၂၀၂၃ မေ ၃၀ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးတာကိုခံခဲ့ရတာကြောင့် နေအိမ် ၈ လုံးပျက်စီးခဲ့ရသေးတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ချိန် ကျေးရွာထဲမှာဒေသခံတွေမရှိဘဲ စစ်ကောင်စီအဖွဲ့တွေ ရွာထဲကိုဝင်လာချိန်ကတည်းက မဒေါင်ရွာအပါအဝင် ကုက္ကိုကုန်း၊ လွှတ်တိုက်၊ ဆွဲလှဲရွာအပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံ ၁၀,၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးနေကြပြီး ဒီနေ့အထိရွာထဲကို ပြန်လည်နေထိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ကျွန်းလှ #မဒေါင် #ကာကွယ်ရေးတပ်ဖွဲ့ #သိမ်းပိုက်
Share Share Share