စစ်အုပ်စုက တိုက်လေယာဥ်နဲ့ဗုံးကြဲလို့ နေအိမ် ၆ လုံးပျက်စီးပြီး အမျိုးသား ၁ ဦးထိခိုက်

စစ်အုပ်စုက တိုက်လေယာဥ်နဲ့ဗုံးကြဲလို့ နေအိမ် ၆ လုံးပျက်စီးပြီး အမျိုးသား ၁ ဦးထိခိုက်

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရွာအရှေ့ဘက် ကျီးရိုးကျေးရွာအုပ်စုအတွင်းကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီဘက်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံနေအိမ် ၆ လုံးထက်မနည်း ပျက်စီးပြီး အမျိုးသား ၁ ဦးလည်း ထိခိုက်သွားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီကျော်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ် ၁ စီးဟာ ရေတွင်းကုန်း၊ ဇဟာ၊ ဘန်လောင်းရွာတွေဘက်ကို ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

"ညပိုင်းဆိုတော့ လူတွေအိပ်ချိန်ဖြစ်နေပြီ။ လေယာဥ်သံကြားတော့ လူတွေက လွတ်ရာပြေးကြလို့ လူအထိအခိုက် နည်းသွားတာ။ အိမ်တွေဆို တော်တော်ပျက်စီးတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ခုလိုတိုက်ခိုက်ခံရလို့ ဇဟာကျေးရွာထဲက နေအိမ် ၆ လုံးပျက်စီးခဲ့ပြီး ဘန်လောင်းရွာက အသက် ၃၀ ကျော်အမျိုးသား ၁ ဦး မစိုးရိမ်ရဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ်၊ ကျီးရိုးကျေးရွာအုပ်စုထဲက ကျေးရွာတွေကို စစ်ကောင်စီဘက်က တိုက်လေယာဥ်၊ ရဟတ်ယာဥ်တွေ အသုံးပြုပြီး မကြာခဏဆိုသလို လာရောက်ပစ်ခတ်နေတာလို့လည်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

နိုဝင်ဘာ ၂၄ ရက်ကလည်း ဖြူးမြို့နယ်၊ ဇဟားလေး၊ ရေတွင်းကုန်း၊ ငှက်ပျောတော၊ ကိုင်းတဲစုကျေးရွာတွေမှာ စစ်ကောင်စီဘက်က လေယာဥ်နဲ့ပစ်လို့ ရေတွင်းကုန်းနဲ့ ဇဟာလေးကျေးရွာက ပြည်သူ ၂ ဦး သေပြီး ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဖြူး #စစ်ကောင်စီ #လေကြောင်းတိုက် #ထိခိုက် #ဒဏ်ရာရ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10