စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေလို့ ပခုက္ကူမြို့နယ်ကဒေသခံတွေ ထွက်ပြေးနေရ

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေလို့ ပခုက္ကူမြို့နယ်ကဒေသခံတွေ ထွက်ပြေးနေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက နိုဝင်ဘာ ၁၁ ရက် ဒီနေ့လယ်ပိုင်းမှာ လက်နက်ကြီးတွေပစ်ကာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံရာချီထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီနေ့လယ် ၁၂ နာရီကျော်မှာ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ ကနေ စစ်ကား ၃ စီးနဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီတပ်သား ၇၀ ခန့်က အင်ဝိုင်းရွာအရောက် ညနေ ၄ နာရီကျော်မှာ ဒေသခံပျူစောထီး ၃၀ ခန့်နဲ့ ပူးပေါင်းကာ မြစ်ခြေမြို့ဘက်ကို စစ်ကြောင်းထိုးလာနေတာလို့ ဆိုပါတယ်။

“အခုက မြစ်ခြေမြို့ထဲမှာ တယောက်မှ မရှိတော့ဘူး။ တမြို့လုံးရှောင်ကြတာဆိုတော့လေ။ လက်နက်ကြီးပစ်သံတွေလည်းကြားရတော့ ပြေးလာကြတာ။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး”လို့ မြစ်ခြေမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက အင်ဝိုင်းကျေးရွာကနေ မိုင်ဝက်ခန့်ကွာဝေးတဲ့ မြစ်ခြေမြို့ဘက်ကို လက်နက်ကြီး ၅ လုံးပစ်ခတ်ပြီး မြို့ထဲကို စစ်ကြောင်းထိုးလာနေတာကြောင့် အခုလို ထွက်ပြေးနေကြရတာလို့ အထက်ပါအမျိုးသားက ပြောပါတယ်။

“စစ်ကြောင်းက မြို့ထဲကိုဝင်လာနေတော့ ကြောက်ပြီးအကုန်လုံးပြေးလာကြတာ။ ဟိုတလောကလည်း စကစတွေ မြို့ထဲဝင်လာပြီးတော့ လူတွေဖမ်းဆီးစစ်ဆေးခဲ့သေးတယ်လေ။”လို့ ထွက်ပြေးလာသူအမျိုးသားတဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေမှာ အိုင်ရှည်ကျေးရွာအနီးက လယ်ကွင်းပြင်တွေမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး လူအထိအခိုက်တော့မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း စစ်ကောင်စီအင်အား ၁၅၀ ခန့်က မြစ်ခြေမြို့ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာကာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့သလို အဲဒီနေ့ညနေ ၅ နာရီဝန်းကျင်မှာပဲ မြို့ပေါ်ကို တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ပုံစာ - အောက်တိုဘာ ၁၁ ရက်က စစ်ကောင်စီစစ်ကြောင်းထိုးလို့ တိမ်းရှောင်နေသည့် မြစ်ခြေဒေသခံများ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြစ်ခြေ #စစ်ကြောင်းထိုး #ဒေသခံ #ထွက်ပြေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10