စစ်အုပ်စုက အရပ်သားကားတွေအသုံးပြုလာလို့ အထက်မင်းလှနယ်က လမ်းပိုင်းအချို့မှာ ဒေသန္တရအမိန့်ချမှတ်

စစ်အုပ်စုက အရပ်သားကားတွေအသုံးပြုလာလို့ အထက်မင်းလှနယ်က လမ်းပိုင်းအချို့မှာ ဒေသန္တရအမိန့်ချမှတ်

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း စစ်ကောင်စီကအရပ်သားကားတွေကို အသုံးပြု သွားလာနေတာကြောင့် ဇူလိုင် ၁၀ ရက်ကစတင်ပြီး ကားလမ်းပိုင်း ၅ ခုမှာ ဒေသန္တရအမိန့် ချမှတ်လိုက်တယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ပုသိမ် - မုံရွာလမ်း၊ သရက် - မင်းလှလမ်း၊ မင်းလှ - မလွန် - သစ်ရာကောက်လမ်း၊ မင်းလှ - မင်းဘူး-မကွေးလမ်း၊ မင်းလှ - စစ္စနို့ - ကန်တုတ်လမ်းပိုင်းမှာ ရှိနေသူတွေနဲ့ ဖြတ်သန်းသွားသူတွေအတွက် အမိန့်ထုတ်ပြန်တာဖြစ်ပါတယ်။ 

အဆိုပါလမ်းပိုင်းတွေမှာ ဖြတ်သန်းသွားရင် ကားမှန်တွေချပြီး မောင်းနှင်ဖို့၊ လမ်းခရီးတွင် တိုက်ပွဲဖြစ်သံ ကြားပါက ဘေးကင်းတွေမှာ ကားတွေ၊ ယာဉ်တွေကို ရပ်ထားဖို့၊ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ရဲကင်းတွေ၊ လမ်းတံတားဂိတ်တွေ၊ ရုံးတွေ၊ ယာယီအထိုင်ချတဲ့ အဆောက်အအုံတွေနဲ့ ထိစပ်နီးကပ်စွာနေထိုင်၊ သွားလာနေတာတွေမလုပ်ဖို့နဲ့ နေထိုင်မိပါက အမြန်ပြောင်းရွှေ့ကြဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။ 

"ကျနော်တို့က တာဝန်အရစစ်ဆေးမှုတွေပြုလုပ်တဲ့အခါ ဖြစ်စေ၊ သတင်းအရ စစ်ဆေးမှုပြုလုပ်တဲ့ခါ ဖြစ်စေ ပြည်သူတွေ ဘေးကင်းလုံခြုံစေချင်လို့ပါ"လို့ အထက်မင်းလှပြည်သူ့ကာ ကွယ်ရေးအဖွဲ့ခေါင်းဆောင် ကိုရန်ကြီးအောင်က ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အထက်မင်းလှမြို့နယ်အတွင်းစစ်ကောင်စီတပ်က သာလွန်စစ်အင်အားသုံးလာတာ၊ စစ်လက်နက်ပစ္စည်းတွေကို လိုတာထက်ပိုမိုအသုံးပြုလာတာ၊ M 79၊ 60 MM၊ RPG တို့ကို ပေါပေါများများ သုံးလာတာနဲ့ နင်းမိုင်းတွေ မြေမြှုပ်မိုင်းတွေကိုလည်း အလွန်အကျွံသုံးစွဲလာတာတွေရှိနေတယ်လို့ ကိုရန်ကြီးအောင်က ဆိုပါတယ်။

လက်ရှိထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ကို အချိန်ကာလကန့်သတ်ထားတာမရှိသေးပေမယ့် ဒီစည်းကမ်းချက် တွေကို ပြည်သူတွေအနေနဲ့ လေးစားလိုက်နာပေးတာကလည်း တော်လှန်ရေးကို တဖက်တလမ်းကနေ ကူညီရာရောက်ပြီး မလိုက်နာပါက ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုလည်း တာဝန်ယူဖြေရှင်းပေးသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

ပုံစာ - အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ။ (ပုံဟောင်း)

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မင်းလှ #လမ်းပိုင်း #အမိန်းချမှတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10