စစ်အုပ်စုက ၁၄ ဦးသေကာ PDF ၆ ဦး သေဆုံးခဲ့တဲ့ ချောင်းဦးက စခန်းသိမ်းတိုက်ပွဲ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၄ ဦးသေဆုံးသလို PDF တပ်ဖွဲ့ဝင် ၆ ဦးလည်း သေဆုံးခဲ့ပါတယ်။ 

ချောင်းဦးမြို့နယ်၊ မြပုလဲတပ်စခန်းကို PDF တပ်ပေါင်းစုတွေ နိုဝင်ဘာ ၄ ရက် မနက် ၅ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး မနက် ၆ နာရီဝန်းကျင်မှာပဲ စခန်းအပြီးသိမ်းနိုင်ခဲ့တယ်လို့ ချောင်းဦးပကဖ ဒုတာဝန်ခံက ပြောပါတယ်။

ချောင်းဦးမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ မုံရွာ - မန္တလေးကားလမ်းပေါ်ရှိ စစ်သားနဲ့ ပျူစောထီး အင်အား ၃၅ ဦး အထိုင်ချတပ်စွဲထားတဲ့ မြပုလဲဂိတ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ၁ နာရီကြာ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကိုသိမ်းပိုက်မီးရှို့နိုင်ခဲ့တာလို့ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (CHUPDF) ဒုတာဝန်ခံက ဆိုပါတယ်။

အဲ့ဒီစခန်းမှာ အမှတ် ၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်က ဗိုလ်ကြီးအောင်သူရဦးစီးတဲ့ စစ်သား ၃ ဦး၊ အမှတ်၂၆ လုံခြုံရေးတပ်ဖွဲ့ခွဲက စစ်သား ၅ ဦး၊ ကန့်ဘလူက ဦးဝါသဝရဲ့ ပျူစောထီး ၂၇ ဦး စုစုပေါင်းအင်အား ၃၅ ဦးခန့် နဲ့ တပ်စွဲထားတာလို့ ပြောပါတယ်။

အဲ့ဒီစခန်းမှာ ဘန်ကာအခိုင်အမာနဲ့ တပ်စွဲထားတဲ့ကြားက ဝင်တိုက်ခိုက်ရတာဖြစ်လို့ တိုက်ပွဲအတွင်း မုံရွာခရိုင်တပ်ရင်း ၆ က ရဲဘော် ၂ ဦး၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် (CHUPDF) က ရဲဘော် ၃ ဦး၊ ဆေးတပ်ဖွဲ့ရဲဘော် ၁ ဦး စုစုပေါင်း PDF ၆ ဦးလည်း သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

အဲ့ဒီစခန်းကနေ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း ၁လက်၊ သေနတ် ၄ လက်အပါအဝင် ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ချောင်းဦး #မြပုလဲစခန်း #၆၀မမ၁လက် #သေနတ်၄လက် #သိမ်းဆည်း #ထိခိုက် #စစ်အုပ်စု #PDF #စခန်းသိမ်းတိုက်ပွဲ #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10