စစ်အုပ်စုက နေအိမ်နဲ့ စပါးကျီတွေမီးရှို့ပြီး ရွှေထည်ပစ္စည်းတွေပါယူသွား

စစ်အုပ်စုက နေအိမ်နဲ့ စပါးကျီတွေမီးရှို့ပြီး ရွှေထည်ပစ္စည်းတွေပါယူသွား

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အင်းကျေးရွာကို စစ်သားနဲ့ပျူစောထီးတွေဝင်ရောက်ကာ နေအိမ်နဲ့ စပါးကျီတွေကို မီးရှို့ပြီး ရွှေထည်ပစ္စည်းအပါအဝင် ပြည်သူပိုင်ပစ္စည်းတွေကိုယူသွားတဲ့အပြင် တိရိစ္ဆာန်တွေကိုလည်း သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဇူလိုင် ၇ ရက်မှာ ကလေးဝမြို့ကနေ မင်းကင်းမြို့နယ်၊ မအူ(ပျူ)ကျေးရွာက စစ်တပ်အထိုင်စခန်းကို ရိက္ခာလာပို့တဲ့ အင်အား ၂၀၀ ဝန်းကျင်ပါစစ်အုပ်စုက အင်းကျေးရွာကို ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့ပြီး မအူကျေးရွာကို ဆက်သွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီနောက် ဒီစစ်ကြောင်းဟာ ဇူလိုင် ၉ ရက်မှာ မအူရွာကနေ ကလေးဝမြို့ကိုပြန်လာချိန်  အင်းကျေးရွာကို ဒုတိယအကြိမ်ဝင်ရောက်ပြီး ပြည်သူပိုင် ရွှေထည်တွေနဲ့ အခြားပစ္စည်းတွေကို မွှေနှောက်ယူကာ ကျွဲ၊ နွား၊ ဝက်စတဲ့ တိရိစ္ဆာန်တွေကို သတ်ခဲ့တာဖြစ်ပါတယ်။ 

"ဘယ်တပ်ရင်း၊ တပ်ကဆိုတာကို မသိရဘူး။ ကလေးဝကနေ မအူစခန်းကိုအသွားမှာ အိမ်တွေနဲ့ စပါးကျီကို မီးရှို့တာ။ မအူစခန်းကနေ ကလေးဝကိုအပြန်မှာတော့ ရွှေတွေနဲ့တခြား ပစ္စည်းတွေကို ခိုးယူပြီးတော့ တိရိစ္ဆာန်တွေကို ပစ်သတ်ခဲ့တာ။ ဒီနေ့ (ဇူလိုင် ၁၀) မှာတော့ ဒေသခံတွေရွာထဲ ပြန်ဝင်နေကြပြီ"လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ မင်းကင်းဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

စစ်အုပ်စုက နေအိမ် ၆ လုံးနဲ့ စပါးကျီ ၁ လုံး မီးရှို့ဖျက်ဆီးခဲ့ကာ ရွှေဆွဲကြိုး ၁ ကုံး၊ လက်စွပ် ၁ ကွင်း၊ နားကပ် ၁ စုံ၊ ပိုက်ဆံ ၁ သိန်း၊ ဖုန်း ၅ လုံး၊ ဆိုင်ကယ် ၁ စီး၊ ဆိုလာ ၁ ချပ်၊ ရေစက် ၁လုံး ယူသွားပြီး၊ နွား ၁ ကောင်၊ ကျွဲ ၁ ကောင်နဲ့ ဝက် ၁ ကောင်တို့ကို ပစ်သတ်သွားခဲ့တာလို့ အမှတ် (၁၁) တပ်ရင်း (မင်းကင်း) မှ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အင်းကျေးရွာကို စစ်သားနဲ့ပျူစောထီးတို့ ဝင်လာချိန်မှာလည်း မင်းကင်းမြို့နယ်၊  အမှတ် (၁၁) တပ်ရင်းနဲ့ နာရီဝက်ခန့်အကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အင်အား၊ လူအင်အားမမျှတာကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ အမှတ် (၁၁) တပ်ရင်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ 

အလားတူ အဲ့ဒီစစ်အုပ်စုဟာ ဇူလိုင် ၉ ရက်မှာ အင်းကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေယူပြီးနောက် အိမ်နီးချင်းရွာဖြစ်တဲ့ ပိက္ခယားကျေးရွာကိုပါ ဝင်ရောက်ပြီး လူနေအိမ် ၁ လုံးကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #မင်းကင်း #စစ်ကောင်စီ #နေအိမ်မီးရှို့ #ပစ္စည်းယူ #တိရိစ္ဆာန်သတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10