စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ထွက်ပြေးရာက အမျိုးသမီးတဦး အမောဖောက်သေဆုံး

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်လို့ ထွက်ပြေးရာက အမျိုးသမီးတဦး အမောဖောက်သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာကို ဇူလိုင် ၁၅ ရက် မနက် ၁၁ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် ဒေသခံတွေထွက်ပြေးချိန် အမျိုးသမီးတဦး အမောဖောက်သေဆုံးခဲ့ကာ ကလေးတဦးလည်း လက်နက်ကြီးထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

သေဆုံးသူမှာ အသက် ၃၀ အရွယ် အမျိုးသမီးဖြစ်ပြီး ဒဏ်ရာရရှိသူမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးဖြစ်ကာ ဝက်တကောင်နဲ့ နွားတကောင်လည်း ကျည်စထိမှန် သေဆုံးခဲ့သေးတယ်လို့ ဆိုပါတယ်။

"သေတဲ့အမျိုးသမီးက ပြေးရင်းလွှားရင်း အမောဖောက်ပြီးသေတာ။ ဒဏ်ရာရတဲ့ကလေးကတော့ ဒူးခေါင်းမှာရသွားတာ။ ထွက်ပြေးတဲ့နွားလှည်းက နွားတကောင်က ခြေထောက်တဖက်ပိုင်းပြီးသေတာ။ လှည်းပေါ်ကလူတွေတော့ ဘာမှမဖြစ်ခဲ့ဘူး"လို့ ဂန့်ဂေါဒေသခံ အမျိုးသားတဦးက ပြောပါတယ်။

ထိခိုက်သေဆုံးခဲ့သူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပါဘူး။ 

ဇူလိုင် ၁၅ ရက် မနက် ၁၀ နာရီကျော်မှာ တောင်ခင်ရန်းရဲစခန်းကနေ မြောက်ခရန်း(ပျူ)ကျေးရွာကို ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ၅ မိနစ်ဝန်းကျင် တိုက်ခိုက်ခဲ့တဲ့အတွက် မြောက်ခရန်း(ပျူ)ရွာစခန်းရှိ စစ်သားနဲ့ပျူတွေကနေ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ရာ အခုလိုဒေသခံတွေ သေဆုံးခဲ့ရတာလို့ အထက်ပါအမျိုးသားက ဆက်ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီနေ့က လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် တောင်ခင်ရန်း၊ သာလင်း၊ ရွှေဘို၊ သိမ်တော စတဲ့ကျေးရွာ ၄ ရွာက ဒေသခံထောင်ချီဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရကာ ဇူလိုင် ၁၇ ရက်ဒီနေ့အချိန်ထိ ၎င်းတို့ကျေးရွာထဲကို ပြန်မဝင်နိုင်ကြသေးဘူးလို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #စစ်ကောင်စီ #လက်နက်ကြီးပစ် #အမျိုးသမီးတဦး #သေဆုံး #ကလေးတဦး #ဒဏ်ရာရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10